ရီယာသည် အိမ်မှ မထွက်ခင် ခမ်းအား အသေအချာ စိုက်ကြည့်သည်။ ခမ်းသည် ရီယာ၏ အကြည့်ကို သတိထားမိသော အခါ မိမိကိုယ်ကို ပြန်ငုံ့ကြည့်မိလေသည်။
"မင်း.."
ရီယာသည် စကားမပြောခင် သက်ပြင်းတစ်ချက်ချလိုက်သည်။
"အပြင်ရောက်ရင် ငါနဲ့ မသိသလိုနေ"
ခမ်းသည် စိတ်မကောင်း ဖြစ်မိသွားသော်လည်း သဘောတူလိုက်သည်။
ထိုနေ့သည် ရီယာ နှင့် အတူ အလယ်ပိုင်းလွင်ပြင်သို့ သွားနိုင်သည့် ပထမဆုံးနေ့။ ခမ်းသည် အလယ်ပိုင်း သို့ မကြာခဏ ရောက်ဖြစ်သော်လည်း ရီယာ နှင့်အတူသွားရခြင်းသည် ထိုတစ်ကြိမ်သာ ဖြစ်သည်။ ရီယာ ပွဲဈေးသို့သွားသည့်နေ့တွင် ခမ်းသည် အိမ်၌သာ ကျန်ခဲ့ရသည်။ ခမ်း ပွဲဈေးသွားသည့်နေ့တွင်လည်း ရီယာသည် အိမ်၌နေသည်။
ထိုနေ့တွင်မူ ခမ်းသည် ရီယာ နှင့်အတူ ပွဲဈေးသို့ လိုက်ခွင့်ရခဲ့ပြီ။ အတူယှဉ်တွဲကာ သွားလာခွင့်မရှိသော်လည်း ပွဲဈေးထဲတွင်တော့ အတူရှိခွင့်ရလေပြီ။
****
နံနက်ခင်းဈေးသည် လူများစွာရှိနေကာ စည်စည်ကားကား ရှိနေသည်။ ရီယာ သည် ပွဲဈေးတစ်လျှောက် သွားနေသော်လည်း စိတ်အာရုံတို့သည် နွန်းကိုသာ ရှာနေသည်။ အဖြူရောင်ဝတ်စုံ ဝတ်ကာ ပုလဲ ဆံထိုး ထိုးထားသော မိန်းမပျိုတို့ကို အသေအချာပင် လိုက်လံကြည့်ကာ နွန်းကို ရှာသည်။ ရီယာ၏ နောက် မလှမ်းမကမ်း အကွာတွင်တော့ ခမ်းသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် လိုက်လာသည်။ ရီယာ ၏ စကားကြောင့် မသိဟန်ဆောင်ကာ နေရသော်လည်း ခမ်းသည် ရီယာ အား စိတ်မချနိုင်ပေ။ ဒဏ်ရာများဖြင့် ပြန်ရောက်လာသော ရီယာ့ ကို ခမ်းသည် နောက်တစ်ကြိမ် ဟူသော အတွေးမျိုးပင် မတွေးနိုင်တော့လောက်သည် အထိ စိုးရိမ်ပူပန်မိသည်။ ထို့ကြောင့် ခမ်းသည် ရီယာ မကြည်ဖြူသည့်ကြားမှပင် နောက်မှ လိုက်ကာ ကာကွယ်လိုခဲ့သည်။ ထို့ကြောင့်ပင် ခပ်လှမ်းလှမ်းမှ ရီယာ့ နောက်သို့ လိုက်နေခြင်း ဖြစ်သည်။
ရီယာသည် ခမ်း လိုက်လာသည်ကို သတိထားမိသည်။ ထို့ကြောင့်ပင် ခမ်းအား မျက်ခြေဖြတ်ရန်ကြိုးစားနေသည်။ သို့သော် ပြေးလွှား၍ အဆင်မပြေသောကြောင့် ခြေလှမ်းတို့ကို သွက်လိုက်သည်။ခြေလှမ်းတို့ကို ခပ်သွက်သွက် လျှောက်ကာ လူများသော နေရာများသို့ တိုးဝင်သည်။ ခမ်းသည်လည်း ရီယာ၏ နောက်သို့ ဂရုတစိုက် လိုက်လာသည်။ သို့သော် ရီယာ့ကိုသာ အာရုံစိုက်နေသော ခမ်းသည် အခြား အရာများအား ဂရုမထားမိတော့။ ရီယာ တစ်ဦးတည်းကိုသာ မြင်၍ ရီယာ တစ်ဦးတည်းကိုသာ အာရုံစိုက်မိနေသော ခမ်းသည် ပိတ်အုပ်များ သယ်လာသော သူကို ဝင်တိုက်မိတော့သည်။
YOU ARE READING
အတိတ်ဟောင်း ပုံပြင်
Ficção Históricaလူတစ်ယောက်ရဲ့ ချစ်ခြင်းက ဘယ်အတိုင်းအတာထိ တည်မြဲနေနိုင်ပါသလဲ။ တစ်နှစ်လား။ ဆယ်နှစ်လား။ ဒါမှ မဟုတ် .. ရာစုနှစ်တွေ အထိလား။ ဒီဇာတ်လမ်းလေးက ဟိုးအရင် အတိတ်တွေထဲက အဖြစ်အပျက်လေးတစ်ခု..။ ဒီအကြောင်းကို မှတ်တမ်းတင်ထားခဲ့ကြချင်လည်း ထားခဲ့ကြမယ်။ ဒါမှမဟုတ် လူသူမသိ...