"နန်းပန်း"
စန္ဒရာသည် နန်းပန်းအား ကာကွယ်ရန်ကြိုးစားသည်။ သို့သော် ထိုလူများကို မခုခံနိုင်။ အနီရောင် ဝတ်စုံတို့ကို ဝတ်ထားသော သူတို့သည် နန်းပန်းနောက်သို့ အပြေးအလွှားလိုက်ကာ နန်းပန်း ရှိရာသို့ ရောက်လာကြသည်။
ပွဲဈေး ထဲတွင် လူများသည် ပြေးလွှား ကုန်ကြသည်။
နန်းပန်းသည် ထိုသူများ မိမိနောက် လိုက်နေရသည့် အကြောင်းကို စိုးစဉ်းမျှပင် မသိ။ ထိုလူတို့ကိုလည်း တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးပေ။ သို့သော် ထိုဆင်ယင်ပုံနှင့် သင်္ကေတ ပန်း ကို ကြည့်ရလျှင် ထိုသူတို့သည် ထိုအမျိုးသား လွှတ်လိုက်သော သူများပင် ဖြစ်ဟန်တူသည်။ စန္ဒရာသည် ထိုသူများကို တစ်ဦးတည်းဖြင့် ခုခံနေရသည်။ တစ်ချိန်တည်းမှာပင် နန်းပန်းအား နောက်တွင်ထားကာ အထိအခိုက်ဟူ၍ အနည်းငယ်မျှပင် မရှိလေအောင် ဂရုစိုက်နေရသည်။နန်းပန်းသည် စန္ဒရာ၏ နောက်တွင် နေရင်းမှ ရုတ်တရက်ပင် ဆွဲခေါ်ခံလိုက်ရသည်။ ထိုသူသည် လျှင်မြန်သော အဟုန်ဖြင့် နန်းပန်းအနားသို့ ရောက်လာကာ နန်းပန်း၏ လက်ကို ဆွဲကိုင်ရင်း လျှပ်တပြတ် အချိန်အတွင်းမှာပင် ဆွဲခေါ်သွားခဲ့သည်။ နန်းပန်းသည် အထိတ်တလန့်ဖြင့် ရုန်းကန်မည် အပြုတွင် ထိုသူက အသံတိုးတိုးဖြင့် ခေါ်လာသည်။
"နန်းပန်း ကျွန်တော်ပါ..သိင်္ဃယံ"
ထိုအခါမှ နန်းပန်းသည် စန္ဒရာ ရှိရာသို့ တစ်ချက်ကြည့်ကာ သိင်္ဃယံ ခေါ်ရာ သို့ လိုက်သွားတော့သည်။
နန်းပန်းတို့ နှစ်ဦးသည် အထည်အလိပ်များ ရောင်းချသော နေရာအနီး၌ ရှိနေသည်။ နှစ်ဦးလုံးသည် ပုန်းကွယ်နေကာ နောက်မှ လိုက်လာသော သူများရှိမရှိကို စောင့်ကြည့်နေမိကြသည်။
"နန်းပန်း"
"ဟင်"
"နန်းပန်းကို သူတို့က လိုက်ဖမ်းနေတာလား"
နန်းပန်းသည် ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
"ဘာလို့လဲ"
"မသိဘူး"
နန်းပန်းသည် အမှန်တကယ်ပင် မသိပါချေ။
YOU ARE READING
အတိတ်ဟောင်း ပုံပြင်
Ficción históricaလူတစ်ယောက်ရဲ့ ချစ်ခြင်းက ဘယ်အတိုင်းအတာထိ တည်မြဲနေနိုင်ပါသလဲ။ တစ်နှစ်လား။ ဆယ်နှစ်လား။ ဒါမှ မဟုတ် .. ရာစုနှစ်တွေ အထိလား။ ဒီဇာတ်လမ်းလေးက ဟိုးအရင် အတိတ်တွေထဲက အဖြစ်အပျက်လေးတစ်ခု..။ ဒီအကြောင်းကို မှတ်တမ်းတင်ထားခဲ့ကြချင်လည်း ထားခဲ့ကြမယ်။ ဒါမှမဟုတ် လူသူမသိ...