အခန်း(၁)

171 8 0
                                    


သမုဒ္ဒရာထက် မှိန်ပျပျလတစ်စင်း ပေါ်ထွန်းလာသကဲ့သို့ လေသည် တိမ်အစုအဝေးကြီးကို မိုးယံတလွှား တိုက်ခတ်ပို့ဆောင်လျက်။ ကျွန်းအခြေကို အရိပ်ပါးပါးခြုံလွှမ်းထားပုံမှာ ဧရာမရွက်သင်္ဘောများ၊ ဒဏ္ဍာရီလာပင်လယ်သတ္တဝါများနှင့် အခြား တစ်ပါးသော ညဥ့်သန်းခေါင်ယံရေပြင်၌ အမဲလိုက်တတ်သည့်အရာတို့ ကုန်း​ပြင်မြင့်ထက်မှ ရေတံခွန်သဖွယ် ယှက်ဖြာဆင်းသက်လာကြသည့်နှယ်။ မာန်ဟုန်ပြင်းပြင်းမြူနှင်းငွေ့တို့ကြား၌ပင် မှိတ်ချည်လင်းချည်တောက်ပနိုင်စွမ်းသည့် ကြယ်စင်အချို့။ လေပွေငယ်များအသွင် လှဲကျင်းခံလိုက်ရသော ကမ်းစပ်ရှိ သဲပွင့်ဖြူဖြူများက သဲတောင်ပို့များထက် ​​ရွှေ့ပြောင်းနေရာယူလိုက်ကြ၏။

ရွက်လွှင့်ရန် အခါကောင်းမဟုတ်သော ညတစ်ညပေတည်း။

ချစ်ခင်လေးစားအပ်ပါသော တော်တူဂါသားတစ်စုတို့မှာ ဘေးကင်းလုံခြုံသော ၎င်းတို့နေအိမ်များထဲ စည်းစိမ်ယစ်နေကြသည်။ ထိုမှတစ်ပါး ဖြတ်လမ်းဖြင့် ချမ်းသာလာသူများ၊ အထင်ကြီးခံလိုသော လူစွန့်စားများနှင့် လူသတ်သမားများအားလုံး သစ္စာတော်ခံတံတား၌ ဗျစ်၊ ရမ်များဖြင့် ပွဲတော်တည်လျက်ရှိကြသည်။

မုန်တိုင်းစုရပ်ဆီမှ လာသော မိုးသက်​​လေပြင်းကြား ဘုံဆိုင်မှ ဆူညံသံများကို မိုင်ဝက်အကွာမှပင် ကြားနိုင်သည်။ ရယ်သံ၊ အော်ဟစ်သံနှင့် ရံဖန်ရံခါ သေနတ်ပစ်ဖောက်သံများ ညဥ့်ယံထဲ လွင့်ပျံနေသကဲ့သို့ ယစ်ထုပ်ကြီးများ သံပြိုင်ဟစ်ကြွေး​ကြသည်ကား ၎င်းတို့အားလုံး ကျွမ်းဝင်ပြီးသော

" ယို ဟို၊ ယိုးး ဟို၊
ပင်လယ်ဓါးပြဘဝဟာ ငါ့အတွက်ပါ။
တို့တစ်တွေ မီးရှို့ပစ်လိုက်၊ လောင်ကျွမ်းသွားလိုက်၊ မီးလောင်ရာလေပင့်လိုက်၊ လောင်မြှိုက်လိုက်နဲ့...
ငါ့အတွက် တစ်ခွက်လောက်မော့ပစ်လိုက်စမ်း၊ ယို ဟို။
မြို့ပြကြီးကို သီချင်းနဲ့ ကိုင်လှုပ်ပစ်မလေ။ ငါတို့ဟာ င​ချွတ်လေးတွေပါ...ငါ့အတွက် အားရပါးရမော့သောက်ပစ်လိုက်၊ ယို ဟို။
ယို ဟို၊ ယိုးး ဟို၊
ပင်လယ်ဓါးပြဘဝဟာ ငါ့အတွက်ပါ...၊"

ဂျက်စပဲရိုး၊ မုန်တိုင်းအဝင် (Completed)Where stories live. Discover now