ရတနာပုံကြီးကို အန်နာဘဲလာ ထိုင်ငေးနေ၏။
ပုလဲကုံးများ၊ ပတ္တမြားဘယက်များ၏ လက်မအရွယ်ခန့်ထူသော ရွှေလည်ဆွဲကြိုးများ၊ စိန်နှင့် မြကျောက်ပွင့်များ စီခြယ်ထားသော လက်ကောက်များ။ သရဖူငယ်တစ်ခုက သူမဦးခေါင်းထက် ဟိုရွဲ့ဒီစောင်းဖြင့် ချော်ထွက်နေ၏။
ပုံမှန်အားဖြင့် သူမသည် အမျိုးသမီးအသုံးအဆောင်များအား စိတ်ဝင်တစားမရှိလှ။ သို့သော် ယခုမှာ ကွဲပြားပေသည်။ မည်သည့်အခါကမျှ ရွှေအမြောက်အများ၊ လှပသော ပစ္စည်းအများအပြားကို သူမ မမြင်ဖူးခဲ့။ တိုလီမုတ်စအဆင်တန်ဆာများကား နေရာအနှံ့။ ကျောက်သလင်းဖြင့် ထွင်းထုထားသော ကလပ်ခွက်။ ရွှေထည်ဓါးရိုး၊ သီဟိုဠ်နီလာဓါးနှောင့်တို့ဖြင့် ပြုလုပ်ထားသည့် သေးငယ်လှသော ဓါးမြှောင်များ။ ဝါရွှေရွှေစပိန်ဒင်္ဂါးများကား အာမခံသေတ္တာထဲမှ ဖိတ်လျှံကျလျက်။ ရှားပါးအဖိုးတန်သတ္တုများဖြင့် သွန်းလုပ်ထားသည့် ခွေး၊ ကျားသစ်၊ ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် ငှက်ရုပ်တုများ။ ကွန်စတန့်စ်မှာ ရောင်စုံကျောက်ဖြင့် ထွင်းထုထားပြီး ပတ္တမြားမျက်လုံးများရှိသော လက်ဖဝါးအရွယ်ကြောင်ရုပ်ကို သဘောတကျဆော့မြှူနေ၏။
ဂျက်ခ်သည်လည်း သယ်ပိုးရန် အခြားနည်းမရှိသဖြင့် ကိုယ်ပေါ်၌ လက်ဝတ်ရတနာအချို့ကို ချိတ်ဆွဲထားသည်။ သစ်သားသေတ္တာ၊ အာမခံသေတတာအားလုံးမှာ ယိုယွင်းဆွေးမြေ့ကုန်ပြီဖြစ်ကာ ရှိသမျှကို ကြမ်းခင်းပေါ် ထွေခင်းချထားရသည်။ ရတနာများများသယ်ယူရန် အကောင်းပကတိကျန်ရှိနေသေးသည့် တစ်လုံးတည်းသော သေတ္တာသည်လည်း ပြည့်လျှံနေပြီဖြစ်သည်။
"ကောင်းပြီဟေ့၊ ပထမဆုံးခရီးစဥ်ကတော့ ဒီလောက်ပါပဲ၊"
ဂျက်ခ် အဆုံးအဖြတ်ပေးလိုက်ပြီးလျှင် လက်စွပ်လက်တစ်ဆုပ်ခန့်ကို အိတ်ကပ်ထဲ ထိုးသိပ်ထည့်လိုက်၏။
"ပစ္စည်းတွေ ထမ်းကြမယ်ဟေ့၊ လှေပေါ်သယ်သွားကြ၊ ကျန်တာတွေ နောက်မှ ပြန်လာယူကြတာပေါ့။"
တူးမန်က လက်ကောက်များနှင့် သရဖူတစ်ခုဖြင့် ဟန်ရေးပြနေသော ဂျန်င်းကို ကြည့်ရင်း ရယ်နေလေ၏။
YOU ARE READING
ဂျက်စပဲရိုး၊ မုန်တိုင်းအဝင် (Completed)
Aventuraပုလဲနက်မတိုင်မီကာလ၌ ရွက်သင်္ဘောမှောင်ခိုစီးသူ လူငယ်တစ်ဦးရှိခဲ့သည်၊ အမည်ကား ဂျက်စပဲရိုး...။ စွန့်လွှတ်စွန့်စားလိုသော ဆယ်ကျော်သက်အရွယ် လူငယ်လေးဂျက်စပဲရိုးသည် ထွေရာလေးပါးသင်္ဘောသားတစ်စုနှင့် ပေါင်းမိသွားကာ သူတို့သည် တစ်သက်ပတ်လုံးစူးစမ်းရှာဖွေသွားကြ...