အောက်ဖက်ချိုင့်ဝှမ်းထဲ၌ ဂျန်င်းမှာ သူ့ခေါင်းသူ ပွတ်သပ်လျက်ရှိ၏။ ထိုမှတစ်ပါး ဆိုးဆိုးရွားရွားအနာတရဖြစ်သွားဟန်တော့မတူ။
"ကျွန်တော်အဆင်ပြေပါတယ်၊"
၎င်းက လှမ်းအော်ပြောလာ၏။ ထို့နောက် ပြန်လှည့်သွားပြီးလျှင် သူရောက်ရှိနေသော နေရာကို မြင်သွားလေ၏။ အထီးကျန်လေတစ်သုတ်က တိုက်ခတ်လာခဲ့ပြီးလျှင် ရှေးဟောင်းအဆောက်အအုံများတစ်လျှောက် လေချွန်သံ၊ ငြီးတွားသံများ ထွက်လာတော့၏။ ယင်းက ဟာလာဟင်းလင်းလမ်းမကြီးများထက် ခြောက်ခြားဖွယ်ဖုန်လုံးများ အူခနဲ ထကြွလာစေလျက် လေလားရာတစ်လျှောက်ရှိ အရိုးများအား ဟိုဒီကြဲဖြန့်ပစ်လိုက်၏။
"ဒီနေရာကြီးက ကျိန်စာသင့်နေတာ၊"
ဖစ်ဇ်ဝီလီယမ်က တုံးတိတိပြော၏။
"ကျုပ်တို့ ဒီမှာ မနေသင့်ဘူး။"
"ဟင့်အင်း၊ စောင့်ဦးလေ ဂျက်ခ်၊"
အန်နာဘဲလာ ငိုသံကြီးဖြင့် ပြော၏။
"မြို့တော်က သားနားလိုက်တာ၊ သေချာဒီဇိုင်းဆွဲထားတာပဲ၊ ပင်လယ်ဓါးပြနိဗ္ဗာန်ပေါ့လေ၊"
သူမက စိတ်လှုပ်ရှားစွာ ပြော၏။
"ဟော ကြည့်ပါဦး၊"
မြို့လယ်ဗဟိုရှိ အက်ဇ်တက်ခ်ပိရမစ်ဖြစ်ဟန်ရသောအဆောက်အဦးကို သူမ လက်ညှိုးညွှန်ပြ၏။ ထိုအခိုက် သူမ၏ ခြေထောက်အောက်တွင် ဒင်္ဂါးတစ်ပြားရှိနေကြောင်း အာရုံခံမိသဖြင့် ငုံ့ကောက်လိုက်၏။ ဒင်္ဂါးမျက်နှာပြင်ထက်တွင် ထွင်းထုထားသည်က 'S'အက္ခရာတစ်ခုနှင့် အကြမ်းထည်အရုပ်စာတစ်ခု။
"ဒါ ကျောက်မျက်လုံးဆမ်ရဲ့ သင်္ကေတပဲ။ ဒါ သူ့ကျွန်းပဲ ဂျက်ခ်ရဲ့။ ဟောဒါက ကျွန်မတို့ ရှာနေတဲ့ ပင်လယ်ဓါးပြတိုင်းပြည်ပါပဲရှင်။"
ဂျက်ခ် မြင်ကွင်းကို ရှုစားရင်း ပြုံးလိုက်လေ၏။
"ခင်ဗျားတို့က ဒီနေရာကို လိုက်ရှာနေတာလား၊"
အောက်ဖက်မှ ဂျန်င်းက လှမ်းမေး၏။
"ငါတို့ ကိုးတက်ဇ်ဓါးကို ရှာနေတာ၊"

YOU ARE READING
ဂျက်စပဲရိုး၊ မုန်တိုင်းအဝင် (Completed)
Aventureပုလဲနက်မတိုင်မီကာလ၌ ရွက်သင်္ဘောမှောင်ခိုစီးသူ လူငယ်တစ်ဦးရှိခဲ့သည်၊ အမည်ကား ဂျက်စပဲရိုး...။ စွန့်လွှတ်စွန့်စားလိုသော ဆယ်ကျော်သက်အရွယ် လူငယ်လေးဂျက်စပဲရိုးသည် ထွေရာလေးပါးသင်္ဘောသားတစ်စုနှင့် ပေါင်းမိသွားကာ သူတို့သည် တစ်သက်ပတ်လုံးစူးစမ်းရှာဖွေသွားကြ...