ပြတင်းပေါက်များ မရှိသည့်တိုင် တစ်ချိန်တစ်ခါက မီးတုတ်များမှာ ၎င်းတို့အစွပ်များထဲ ဆွေးမြေ့နေကြလျက် မကောင်းဆိုးရွားဆန်သော ပြာလဲ့လဲ့အလင်းရောင်က အခန်းကို ဖြန့်ကျက်ထားသည်။
ကြီးကျယ်ခမ်းနားသည့် မျက်နှာကျက်အပေါက်အပြဲများမှတစ်ဆင့် တစိမ့်စိမ့်စီးယိုကျလာသော မိုးရေစက်များက ရှင်ဘုရင်နှင့် ၎င်း၏ သြဇာခံများအပေါ် ပက်ဖြန်းပေးလျက်ရှိ၏။
ပင်လယ်ဓါးပြကြီးကိုယ်တိုင်မှာမူ ဆွေးမြေ့ကာ အပေါက်အစပ်တို့ဖြင့် အတိပြီးသော အဖိုးထိုက်ဆုံးရက်ထည်များကို ဆင်မြန်းထားဆဲ။ ပိုးဖဲကတ္တီပါနှင့် ဗီသွာလျှော်ထည်များမှာ ယခုအခါ အန်နာဘဲလာ၏ စကဒ်စုတ်ကဲ့သို့ပင် တန်ဖိုးမဲ့လျက်။ လည်ပင်းထက်၌မူ လေးလံသော ချိန်းကြိုးဖြင့် သီကုံးထားသည့် ရွှေသားလည်ဆွဲတစ်ခု။ ၎င်း၏ ဘယ်ဖက်မျက်လုံးနေရာတွင် မြှုပ်နှံထားသော အနောက်တိုင်းဘုရင်တို့၏ အဆောင်အယောင် ကျောက်မျက်ခြယ်စက်သီးဖြစ်သည့် မဟူရာကြောင်မျက်လုံးကား...၎င်း၏ အမည်ကို ကျောက်မျက်လုံးဆမ်ဟူ၍ ကဗျည်းတွင်စေခဲ့သည့် ကျောက်မျက်ရတနာဖြစ်လေသည်။ ၎င်း၏ အရိုးခေါင်းထက်၌ ကာလယန္တရားမှ လွတ်မြောက်နိုင်ခဲ့သော အနုစိတ်ချုပ်လုပ်ထားပါသည့် ပင်လယ်ဓါးပြဦးထုပ်တစ်လုံး။ ဗြက်ကျယ်သားရေနားပန်းနှင့် သားမွေးတို့က အကောင်းပကတိအတိုင်း၊ ကပ္ပတိန်သည်လည်း အနှီဦးထုပ်ဖြင့် ကြွစောင်းစောင်းနိုင်နေဆဲ။
ကျောက်မျက်လုံးဆမ်ကား အဆုံးထိ ပင်လယ်ဓါးပြဘုရင်ဖြစ်သွားခဲ့သည်ပင်။ အရေးကြီးဆုံးအချက်မှာ ၎င်း၌ အလွန်လက်ရာမြောက်သော ဦးထုပ်တစ်လုံးရှိသည်။
"တကယ့်နေရာရဲ့ အလယ်တည့်တည့်ကိုမှ လူစုံတက်စုံရောက်လာပါပေါ့လား၊"
အန်နာဘဲလာက ဆိုလေ၏။
"သူတို့အကုန်လုံး တစ်ပြိုင်တည်း ပွဲချင်းပြီးသေသွားသလိုပဲနော်။"
ဂျက်ခ်၏ ဦးဆောင်မှုဖြင့် လှေအဖွဲ့သားများသည် အရိုးစုများကို ဖြေးညှင်းစွာ ကောက်ယူဖယ်ရှား၍ လမ်းရှင်းလိုက်ကြ၏။ အရိုးအားလုံးကို ရှောင်ရှားရန်မှာ ခဲယဥ်းပေသည်။အန်နာဘဲလာ၏ ခြေထောက်အောက်၌ တစ်စုံတစ်ရာက ဂျွတ်ခနဲမြည်သွား၏။ ကြမ်းပြင်ထက် ဖြန့်ကားထားသော သြဇာခံ၏ လက်ဖြစ်ကြောင်း နားလည်သွားချိန်၌ သူမ အသိနောက်ကျသွားလေပြီ။
YOU ARE READING
ဂျက်စပဲရိုး၊ မုန်တိုင်းအဝင် (Completed)
Phiêu lưuပုလဲနက်မတိုင်မီကာလ၌ ရွက်သင်္ဘောမှောင်ခိုစီးသူ လူငယ်တစ်ဦးရှိခဲ့သည်၊ အမည်ကား ဂျက်စပဲရိုး...။ စွန့်လွှတ်စွန့်စားလိုသော ဆယ်ကျော်သက်အရွယ် လူငယ်လေးဂျက်စပဲရိုးသည် ထွေရာလေးပါးသင်္ဘောသားတစ်စုနှင့် ပေါင်းမိသွားကာ သူတို့သည် တစ်သက်ပတ်လုံးစူးစမ်းရှာဖွေသွားကြ...