နောက်တစ်နေ့တွင် လီနန်မြူနီစီပယ် အထိမ်းအမှတ်စင်တာမှ ကျန့်စစ်ချီကို ဖုန်းခေါ်ခဲ့သည်။ ထိုအချိန်တွင် ကျန့်စစ်ချီသည် နေ့လည်ပိုင်း အတန်းအတွက် PPT slide များကို ပြင်ဆင်နေခဲ့၏။ အဓိက ခေါင်းစဥ်သည် လုယောင်၏ 《ဝတ္ထုတိုဘဝ》ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုတွင် အထိမ်းအမှတ် စင်တာ၏ ဒါရိုက်တာသည် စကားကို တိုတိုနှင့် လိုရင်းတိုရှင်း ပြောခဲ့ပြီး ကိစ္စရပ်ကို ရိုးရိုးရှင်းရှင်းနှင့် အသေးစိတ် ရှင်းပြခဲ့သည်။
အထိမ်းအမှတ် စင်တာမှာ ပြာတွေကို ထိန်းသိမ်းတဲ့ အရိုးပြာအခန်းကို ဒီနှစ် မေလမှာ လုံးဝပြန်လည်ပြုပြင်မှာမို့လို့ ငါးနှစ်ထက်ပိုပြီး ထည့်ထားတဲ့ ပြာတွေကို ယာယီထိန်းသိမ်းတဲ့ အခန်းကို ရွှေ့ဖို့လိုအပ်လိမ့်မယ်။ မင်းဇနီးရဲ့ ပြာတွေက စာရင်းထဲမှာ ပါနေတယ်။ တဆိတ်လောက် အချိန်အချို့ယူပြီး လိုအပ်တဲ့ စာရွက်စာတမ်းမိတ္တူတွေကို လက်မှတ်ထိုးဖို့အတွက် တတ်နိုင်သလောက် မြန်မြန်လေး လာခဲ့ပေးပါ။
ဖုန်းချပြီးနောက် ကျန့်စစ်ချီသည် မျက်မှန်ကို ချွတ်လိုက်ပြီး ထိုင်ခုံနောက်သို့ မှီလိုက်သည်။ လက်ထဲက ဘောပင်ကို နှစ်ခါလောက် လှည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်မှ ပြက္ခဒိန်အသေးလေးကို မျက်စိမှေး၍ ကြည့်လိုက်၏။ မနက်ကိုးနာရီခွဲမှ နေ့လယ်ဆယ့်နှစ်နာရီအထိ အတန်းမရှိပေ။ ဆိုတော့ သူသွားလို့ရသည်။
ငါးနှစ်ကျော်ကြာခဲ့ပြီ။
လီမိဟန် ကွယ်လွန်သွားချိန်တွင် သူမသည် အလွန်ငယ်သေးသဖြင့် အချိန်မတိုင်ခင် ဆုံးပါးသွားခြင်းဖြစ်သည်။ ကျန့်ယွိကို မွေးပြီး နှစ်နှစ်အကြာတွင် အလုပ်မှ စီစဥ်သည့် အဖွဲ့လိုက် အပျော်ခရီးတိုတွင် ကားမတော်တဆမှု ဖြစ်ခဲ့၏။ အသိပေးခြင်းမရှိဘဲ သူမ၏ အသက်ကို ဆုံးရှုံးခဲ့ပြီး ကျန့်စစ်ချီကို တုံ့ပြန်ရန် အချိန်မပေးခဲ့ပေ။
ကျန့်စစ်ချီနှင့် လီမိဟန်တို့သည် အမှန်တကယ်တွင်တော့ သူတို့ဘေးကလူတွေမှတစ်ဆင့် အောင်သွယ်ပေးသဖြင့် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ခြင်းဖြစ်ပြီး သူတို့ကို အတူတူဖြစ်စေခဲ့ခြင်းဖြစ်သည်။
လီမိဟန်၏ အမေဘက်မှ ဦးလေးသည် ကျန့်ဟန်ဝမ့်ကဲ့သို့ တူညီသည့် သုတေသနအဖွဲ့တွင် ပါဝင်ခဲ့ပြီး သူတို့သည် လီနန်ပြတိုက်တွင် နှစ်ပေါင်းများစွာ အတူတူ အလုပ်လုပ်ခဲ့ကြသည်။ မိသားစုနှစ်ခုလုံး ရင်းနှီးလာကြပြီး ပို၍ပင် နီးစပ်ချင်လာကြသည်။ သူတို့ကို အတူတူဖြစ်စေခဲ့ရာတွင် ပါဝင်ပတ်သက်သည့် ဆွေမျိုးများက တစ်ယောက်ကိုတစ်ယောက်သိပြီး လအနည်းငယ်မှာပင် လက်ထပ်ခြင်းနှင့် ပတ်သတ်၍ စဥ်းစားရန် သူတို့ကို တွန်းအားပေးခဲ့သည်။
၄င်းက ပုံမှန်ဖြစ်ရပ်များကို လိုက်နာသည့် အခြားသာမန်အိမ်ထောင်များနှင့် ဆင်တူသည်။ သူတို့၏ ကိုယ်ပိုင်အလုပ်တွေကို သီးခြားစီ လုပ်ကိုင်ကြသည်။ အတူတူစားသောက်ကာ အတူတူနေထိုင်ကြပြီး လိုက်ဖက်ညီစွာ တုံ့ပြန်ဆက်ဆံနိုင်သည့်အပြင် အေးအေးဆေးဆေး ပြောဆိုဆွေးနွေးနိုင်ကြသည်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ ချစ်ခြင်းဖွဲ့နှောင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ သို့သော်လည်း အိမ်နေရင်းအင်္ကျီနှင့် အိမ်စီးဖိနပ်များကို ဝတ်ထားရင်း အေးအေးဆေးဆေး ဟိုနားဒီနား လျှောက်သွားခြင်း သို့မဟုတ် စူပါမားကတ်သို့ ပစ္စည်းသွားဝယ်ခြင်း၊ လက်ချောင်းများ သွယ်ယှက်ခြင်းတို့ကတော့ သူတို့အတွက် တကယ်ကို ခက်ခဲသည့်ကိစ္စတစ်ရပ်ဖြစ်လေသည်။
ဤသည်က မချစ်တာမျိုး မဟုတ်ဘဲ အဲဒီအစား လုံလောက်သည့် အချစ် မရှိတာဖြစ်လေသည်။
လီမိဟန် ဆုံးပါးသွားချိန်တွင် ကျန့်စစ်ချီသည် ကျန့်ယွိကို ချီပိုးရင်း ဝိဉာဥ်ပျောက်သွားသလို သုံးရက်လုံး ကူကယ်ရာမဲ့ တွေဝေခြင်းတွင် မျောနေခဲ့၏။ ရုတ်ခြည်းဆိုသလို ပြီးဆုံးသွားသော လီမိဟန်၏ဘဝ၊ သူမ၏မိသားစု၊ သူ့ကိုယ်ပိုင်ဘဝ၊ သူ့ကိုယ်ပိုင်မိသားစု__ ပြီးတော့ သူချီထားသည့် သူ့လက်မောင်းလောက်ပင် မရှိသေးသည့် ကလေးလေး__ကျန့်ယွိ၏ဘဝ။ ထမ်းရမည့်တာဝန်များသည် ရုတ်တရက်ဆိုသလို လေးလံလွန်းသဖြင့် ထိုအရာများကို မည်သို့မည်ပုံ ထမ်းပိုးရမည်မှန်း မသိတော့ပါချေ။
ဤကြီးလေးသော တာဝန်ကို မည်သို့ ထမ်းရပါမည်နည်း။ မနာကျင်ရလေအောင် မည်သို့ လုပ်ရပါမည်နည်း။
![](https://img.wattpad.com/cover/336537497-288-k429660.jpg)
ESTÁS LEYENDO
မဉ္ဇူပန်း [မြန်မာဘာသာပြန်]
EspiritualTitle - 草茉莉 ( Four O'Clock Flower ) Author - Ashitaka Type - Web Novel ဘဝသည် ဆန်းကြယ်သည်။ ကွာခြားချက်သည် မိုးနှင့်မြေကြားရှိ အကွာအဝေးမျှ ကျယ်ပြောနေလျှင်ပင် ဆက်စပ်မှုတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး အချစ်တစ်ခု ဖြစ်တည်လာနိုင်သည်။ တက္ကသိုလ်ဆရာ x ဆံပင်ညှပ်ဆရာ...