Chapter 2.3

123 18 0
                                    

သူတို့ ဆွေးနွေးခန်းမ မှထွက်လာပြီးနောက် ကုရွှမ်းယန်က သူ့လက်ကို ရုတ်တရက် မမြှောက်လိုက်ခင် ကျုံးယန်ကို တစ်ချက်ကြည့်လိုက်သည်။ ကျုံးယန် ဝိဉာဥ်လွင့်လုနီးပါးဖြစ်သွားပြီး နောက်သို့ခြေတစ်လှမ်း ဆုတ်မိသွားသည်။ ကုရွှမ်းယန်၏ လေထဲမြှောက်နေသော လက်ကိုကြည့်ပြီး ကို့ရို့ကားယားနိုင်စွာ ပြုံးလိုက်ပြီး “ဆရာတူညီလေး မင်းဘာလုပ်မလို့လဲ။”
ကုရွှမ်းယန်၏ လေသံမှာအလွန်သိမ်မွေ့လှသည်။ “ ဆရာတူအကို ၊ အကို့ဆံပင်တွေပွနေတယ်။ “
ကျုံးယန်သူ့ဆံပင်တွေကို ချက်ချင်းသပ်လိုက်ပြီး “ hahaha! ဖြစ်နိုင်တာက အရိုအသေပြုတုန်းက ပွသွားတာဖြစ်မယ်။” ကုရွှမ်းယန်က ခေါင်းညိမ့်လိုက်ပြီး နွေးထွေးစွာပြုံးပြလာသည်။” ဆရာတူအကိုချင် လာမဲ့လဝက်မှာ ကျွန်တော့်နဲ့အတူ ဂုဏ်ပြုခရီးကို လိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။”
ကုရွှမ်းယန်က သူ့အပိုင်းကို ပြောပြီးနောက် ထွက်သွားလေသည်။ ကျုံးယန် တုန်ယင်စွာဖြင့် system ကို မေးလိုက်သည်။ [ သူက ငါနဲ့ ဂုဏ်ပြုခရီးကို သွားမယ်လို့ပြောသွားတာလား ဒါက သူအခု ငါ့ကို ဒီတိုင်းလွှတ်ပေးလိုက်တာလား။]
System မှာလည်း အလားတူတုန်လှုပ်နေလေသည်။ [ ငါလည်း ဘာမှမပြောတတ်တော့ဘူး။ ….]
ကျုံးယန်ဘယ်လောက်ပင် တွန့်ဆုတ်နေစေကာမူ သူနှင့် ကုရွှမ်းယန် အတူတူ ခရီထွက်မည့်အကြောင်းမှ ဂိုဏ်းအတွင်းလျင်မြန်စွာ ပျံ့နှံ့သွားသည်။ လီယန်းကျီသေဆုံးကြောင်းကို မကြော်ငြာရသေးသဖြင့် ဂိုဏ်းခေါင်းဆောင်၊ အကြီးအကဲများနှင့် တပည့်ခေါင်းဆောင်များမှလွဲ၍ ကျန်ဂိုဏ်းသားများစွာမှာ ထိုသတင်းကြောင့် အံ့အားသင့်သွားရသည်။ ကျုံးယန်တောင်ပေါ်တွင် လမ်းလျှောက်နေသည်ကို မြင်သည့်အချိန်တိုင်း တပည့်များမှာ အချင်းချင်း တီးတိုးပြောကြ‌ေလ့ရှိသည်။ ကျုံးယန်မှာ ထိုတီးတိုးပြောသံများကို အာရုံထားမနေဘဲ သူတို့နှစ်သက်သလောက် အတင်းပြောခွင့်ပေးထားလေသည်။ သို့သော်လည်း သူ့နောက်ကွယ်တွင် အတင်းပြောရုံဖြင့် မကျေနပ်ဘဲ တပည့်တစ်ဦးမှာ သူ့လမ်းကို တိုက်ရိုက်တားဆီးလာလေသည်။ “ ကောလဟာလတွေက ဂိုဏ်းတူအကိုကုက မင်းကိုခေါ်---- ဂိုဏ်းတူအကိုကို သူ့ခရီးစဉ်မှာ ခေါ်သွားမှာလား။ “
သူ့ရှေ့ရှိလူငယ်လေးမှာ အသက်၁၅ နှစ် ၁၆နှစ်ဝန်းကျင်ရှိပြီး သူ့မျက်ဝန်းများတွင် မာနကြီးခြင်းအရိပ်အယောင်များ ထင်ဟပ်နေလေသည်။ System ကသူ့ကိုတီးတိုး သတိပေးလာသည်။ [ သူက ဂိုဏ်းခေါင်းဆောင် အခုတလောမှ ခေါ်လာတဲ့ တပည့်အသစ်ပဲ။ လျန်ရိ တဲ့။ ]
ကျုံးယန်သက်ပြင်းချလိုက်ကာ “ ဟုတ်တယ်။ အဲ့ဒါအမှန်ပဲ။ “
ကျုံးယန်၏အဖြေက လူငယ်ကို ပို၍စိတ်ဆိုးသွားစေပြီး “ဂိုဏ်းတူအကိုကုက ဂုဏ်ပြုပွဲကို တစ်ယောက်တည်း အမြဲသွားနေကြဆိုတာ အသိသားကြီးပဲ။ ဘာလို့ဒီတစ်ခေါက်မှာ သူက တစ်ယောက်ယောက်ကို ခေါ်သွားမှာလဲ။” ကျုံးယန်ကို အကဲဖြတ်လိုက်ပြီးနောက် “ တကယ်လို့ သူက တစ်ယောက်ယောက်ကို ခေါ်သွားရမယ်ဆိုရင်တောင် တော်ပြီး ထက်မြက်တဲ့ ဂိုဏ်းသားတွေအများကြီးရှိနေတာ သူကဘာလို့ မင်းကိုရွေးရတာလဲ။”
ဒီမေးခွန်းက အနည်းငယ်ဘောင်ကျော်သွားလေပြီ။ ကျုံးယန်၏ ကျင့်ကြံဆင့်က မည်မျှနိမ့်ကျနေပါစေ သူက ဂိုဏ်းတူအကိုဖြစ်နေသေးတုန်းပင်။ ကျုံးယန်အပြုံးတစ်ခုနှင့်အတူ ခေါင်းမော့လိုက်ပြီး “ ဒါတော့ ငါလည်းမသိဘူး။ ဂိုဏ်းတူညီလေးလျန်က ဘာလို့ ဆရာတူညီလေးကု ကို သွားမမေးတာလဲ။” သူ့မေးခွန်းကို သူ့ဆီပြန်ပေးလိုက်ခြင်းက လူငယ်ကို အံ့အားသင့်ပြီး နေရာတွင်ပင် အေးခဲသွားစေလေသည်။ ဒီအစီအစဉ်ကို ဂိုဏ်းခေါင်းဆောင်နှင့် ကုရွှမ်းယန်တို့ စီစဉ်တာဖြစ်သည်။ သူဘယ်လောက်ပင် လက်ခံဖို့ ဆန္ဒမရှိပါစေ ကုရွှမ်းယန်ကို ဒါနှင့်ပတ်သတ်၍ သွားမချဉ်းကပ်ဝံ့ပါချေ။
ကျုံးယန်ထိတ်လန့်နေသော တပည့်ကို လျစ်လျူရှုလိုက်ပြီး “ အမှန်ပဲ။ ထက်မြက်တဲ့ ဂိုဏ်းသားတွေက နေရာတိုင်းမှာရှိတယ်။ သူ့ကို သွားပြီး မေးကြည့်ပေါ့။ ဂိုဏ်းတူညီလေးလျန်က တော်လွန်းတော့ ဆရာတူညီလေးကုက ငါ့နေရာမှာ မင်းကို အစာထိုးလောက်တယ်။”
ကျုံးယန် စကားဆုံးအောင်မပြောရသေးခင်တွင် system က သတိပေးလာသည်။ [ ကုရွှမ်းယန် ဒီရောက်နေပြီ။] ကျုံးယန် သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ ထင်သည့်အတိုင်းပင် သူ့နောက်မှ ကုရွှမ်းယန်၏အသံ ထွက်လာသည်။ “ ဆရာတူအကိုနဲ့ ဂိုဏ်းတူညီလေးလျန်တို့ ဘာတွေဆွေးနွေးနေကြတာလဲ။”
ကုရွှမ်းယန်အသာအယာ ရယ်လိုက်ပြီး “ဂိုဏ်းတူညီလေးလျန်က ငယ်သေးတယ်။ ဂိုဏ်းပြင်ပ ခရီးအကြောင်း စပ်စုလိုစိတ်ရှိတာပုံမှန်ပါပဲ။” လျန်ရိ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်စဉ်တွင် ကုရွှမ်းယန်က ထပ်ပေါင်းပြောလိုက်သည်။ “ အနာဂတ်မှာ မင်းရဲ့ ဂိုဏ်းတူအကိုကို ပိုပြီးယဉ်ကျေးဖို့ သတိရပါ။ ဂိုဏ်းစည်းမျဉ်းတွေကို မှတ်ထားပြီး မင်းရဲ့ဂိုဏ်းတူအကိုတွေကို လေးစားမှုထားပါ။ ”
ကုရွှမ်းယန်၏လေသံမှာ တည်ငြိမ်နေသော်လည်း လျန်ရိမှာ သိုးငယ်လေးကဲ့သို့ ကျိုးနွံနေလေသည်။ သူသည် ခေါင်းကိုငုံ့လိုက်ကာ အသံတိုးတိုးဖြင့် “ဂိုဏ်းတူအကိုကု ကျွန်တော် တောင်းပန်ပါတယ်။”
ဒီတောင်းပန်မှုက ကျုံးယန်ကို ပြောစရာမဲ့သွားစေသည်။ ‘မင်းက ငါ့ကိုတောင်းပန်သင့်တာ မဟုတ်ဘူးလား။’
ကုရွှမ်းယန်က လျန်ရိ၏ ပုခုံးကို ပုတ်လိုက်ပြီး “ သွားတော့”
လျန်ရိထွက်သွားပြီးနောက် ကုရွှမ်းယန်မှာ ကျုံးယန်ဆီသို့ ပြန်လှည့်လာခဲ့သည်။ ကျုံးယန် ချက်ချင်းပဲ သူ့နှုတ်ခမ်းထောင့်များကို အပေါ်သို့ အတင်းမြှောက်လိုက်ပြီး “ ကူညီပေးတဲ့အတွက် ကျေးဇူးပါ ဆရာတူညီလေးကု”
ကုရွှမ်းယန်၏မျက်လုံးများထဲတွင် အပြုံးရိပ်ကလေးဖြင့် “ဆရာတူအကိုချင် က စကားအရာမှာ ပါရမီပါတာပဲ။ ကျွန်တော့်ကို အလုပ်ရှုပ်တဲ့သူလို့မမြင်တာကို သိလိုက်ရလို့ ဝမ်းသာပါတယ်။ ”
‘ ဘာလို့ သူ့နားတွေက အဲ့လောက်ကောင်းရတာလဲ။’
ကျုံးယန်မှာ system ၏ နောက်ကျလှသော သတိပေးချက်ကို အပြစ်တင်ရင်း မျက်နှာတွင် နာခံမှုရှိသော အကြည့်လေးဖြင့် “ဂိုဏ်းတူညီလေးလျန်က လူငယ်အညွှန့်အဖူးလေးတွေရဲ့ ထိပ်သီးပဲ။ ခရီးအတူသွားဖို့ ငါ့ထက် သေချာပေါက် ပိုသင့်လျော်ပါတယ်။ ဂိုဏ်းနဲ့ ဆရာတူညီလေးကုကို အရှက်ရစေမှာကို ငါတကယ်ကြောက်မိတယ်။”
‘ ငါအစိုးရိမ်ဆုံးက မင်းအနားမှာရှိနေရတာကိုပဲ ။ ’ ကျုံးယန်မှာ သရုပ်ဆောင်ဖို့လိုနေသေးသည့်အတွက် သတ္တိမွေးလိုက်ပြီး ” အခုတလော ကောင်းကောင်းအိပ်မပျော်ဘူး။ ဒါပေမဲ့ ဆရာတူညီလေး ငါ့ဘေးနားရှိတာ သတိရလိုက်ရင် ငါ့စိတ်တွေ သက်သာရာရသွားသလိုပဲ။ ”
သူတို့ကြားတွင် ကို့ရို့ကားယားနိုင်စွာ တိတ်ဆိတ်သွားပြီးနောက် system တောင်မှ မပြောဘဲ မနေနိုင်တော့ချေ။ [ ဒါတော့ အရမ်းများသွားပြီ။ ဒီမြှောက်ပင့်တာက အလွန်အကျူးဖြစ်လွန်းတယ်။ ]
ကျုံးယန် system ကို စိတ်ထဲထားမနေဘဲ ကုရွှမ်းယန်ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ ကျုံးယန်ကြောင့် အံ့သြထိတ်လန့်သွား၍ဖြစ်မည် ကုရွှမ်းယန်မှာ ပြန်မဖြေနိုင်ခင် ရှားရှားပါးပါး တိတ်ဆိတ်သွားလေသည်။ “ ရွှမ်းယန် ဆရာတူအကိုကို ကျိန်းသေ မနိမ့်ကျစေရပါဘူး ။ နောက်ကျနေပြီမို့ ဆရာတူအကို စောစောအနားယူပါ။ မနက်ဖြန် ကျွန်တော်တို့ ထွက်ခွာကြတာပေါ့။”
‘ ထွက်ခွာ ’ ဟူသောစကားကိုကြားပြီးနောက် ကျုံးယန်၏နှလုံးမှာ ပါးစပ်မှ ထွက်ကျလာတော့မလိုပင်။ သို့သော် သတ္တိရှိသော မျက်နှာထားဖြင့် “ ဆရာတူညီလေးလည်း ကောင်းကောင်းအနားယူပါ။”
ကျုံးယန် လမ်းပြန်လျှောက်လိုက်ရင်း system ကိုမေးလိုက်သည်။ [အခုနက ငါ့မြှောက်ပင့်မှုက အရမ်းများသွားတာလား။] system က တုံ့ဆိုင်းမှုမရှိ တည့်တိုးဖြေလာသည်။ [ လုံးဝပဲ ]
ကျုံးယန် တခဏပြောစရာမဲ့သွားပြီးနောက် [ ဒါကို စကားပြောခြင်းအနုပညာလို့ခေါ်တယ် မင်းသိလား။  ငါ့မြှောက်ပင့်မှုက big boss ကိုပျော်စေတယ်ဆိုရင် သူကငါ့ကို *သူ့ချိတ်က လွွှတ်ပေးနိုင်တယ်လေ။ ]
System က ထောက်ပြလာသည်။ [ ငါသိတာက မြှောက်ပင့်ခြင်းက အမြဲတမ်း တစ်ခုတည်းနဲ့ပဲ အဆုံးသတ်….]
ကျုံးယန်စကားကိုဖြတ်ပြောလိုက်သည်။ [ ပါးစပ်ပိတ်ထား!]

TN: ချိတ်က လွှတ်ပေးတယ်ဆိုတာ ကျုံးယန်က အခု ကုရွှမ်းယန်လက်ထဲက ငါးလိုဖြစ်နေပြီး သူပျော်ရင် ငါးမျှားချိတ်က လွှတ်ပေးသလိုမျိုး လွှတ်ပေးလိုက်နိုင်တယ်လို့ပြောတာပါ။
TN: note တွေထည့်ရတာမကြိုက်လို့ မရှင်းတာရှိရင် လာမေးလို့ရပါတယ်။
ဒီအရိပ်ကလေးကို မုန့်ဝယ်ကျွေးချင်ရင် kpay: 09254246385 ကို မုန့်ဖိုးပေးလို့ရပါတယ်နော်။















My Junior Still Hasn't Killed MeWhere stories live. Discover now