အိပ်ပျော်ခါစ ကားသံကျယ်ကျယ်ကြားလိုက်တာကြောင့် ယူဂျင်းအပြေးအလွှားခန်းစီးစလေးကိုလှပ်ကြည့်လိုက်သည်။"အာ မဟုတ်ပြန်ဘူးပဲ"
ကားပေါ်မှာကတောက်ကစ အခြေအနေဖြစ်ပြီးကတည်းက ဂယူဘင်းသူ့ကိုလာမတွေ့တော့တာကြောင့် ထပ်ပြီးတမျှော်မျှော်နှင့်ဖြစ်နေရုံသာမကပဲ ညဘက်ဆိုသူအိပ်ချိန်များရောက်လာဦးမလားဆိုတဲ့စိတ်ကြောင့်
ညညကောင်းကောင်းတောင်အိပ်မပျော်ဖြစ်တော့။ဒီနေ့လည်း သူကိုယ်တိုင်စိတ်အပြောင်းအလဲလေးဖြစ်အောင် ဆိုင်မှာဆံပင်ညှပ်လာခဲ့ပြီးဘာမှလုပ်စရာမရှိသေးတာနဲ့ မနက်ပိုင်းအစ်ကိုဟန်ဘင်းဆိုင်မှာသွားရှုပ်နေဖို့ပဲယူဂျင်းစိတ်ကူးလိုက်သည်။
ဒီအချိန်တစ်ခါမှသွားနေကျမဟုတ်ပေမယ့် လူသိပ်မရှိလောက်သေးတဲ့အချိန်မလို့ အစ်ကိုနဲ့လည်းဟိုဟိုဒီဒီစကားပြောရင်းအချိန်ဖြုန်းလို့ရသည်လေ။ဒီရက်ပိုင်းကထီးမယူလည်းဖြစ်တဲ့ရာသီဥတုကြောင့် ယူဂျင်းနေ့တိုင်းလိုလို အတန်းမရှိရင်စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ ပြတိုက်တစ်ခုခုဒါမှမဟုတ်ရင် အစ်ကိုဟန်ဘင်းရဲ့ကဖေးတွင်သာအချိန်ဖြုန်းလေ့ရှိသည်။
အရင်တုန်းကဆိုရင်တော့ ကျောင်းနှင့်အလုပ်ကိစ္စတစ်ခုခုရှိမှသာအပြင်ထွက်လေ့ရှိပြီး ကျန်တဲ့အချိန်တွေဆိုသူ့အမေနားမှာသာအဖော်လုပ်ပေးလေ့ရှိပေမယ့် သူ့အမေဆေးရုံဆင်းပြီးနောက်ပိုင်း ဒေါ်လေးပါအိမ်လာနေတာက သူ့အမေအတွက်မိန်းမချင်းလည်းအဖော်ရတဲ့အပြင် ညီအမအရင်းတွေလည်းဖြစ်တော့ ယူဂျင်းနှင့်အဆင်မပြေပေမယ့်လည်း သူတို့ချင်းတော့အဆင်ပြေနေကြသည်။
ယူဂျင်းလည်းအချိန်ပြည့်အိမ်ကပ်မနေတော့ပဲ အလယ်တန်းဘဝတည်းက သေချာမလုပ်ကြည့်ဖူးသည့် မြို့ထဲအနှံ့စာအုပ်ဆိုင်တွေ ပြတိုက်တွေကို စိတ်လွတ်လက်လွတ်လည်ပတ်ဖြစ်လာသည်။ဒီရက်ပိုင်းဂယူဘင်းဆီကနေ သူ့အာရုံကိုလွှဲထားစရာကဒါတွေအပြင်မှမရှိတာ။ အနည်းဆုံးတော့ သူသဘောကျတဲ့အရာတွေလုပ်နေရတော့စိတ်ပေါ့ပါးရတာကြောင့်ဖြစ်သည်။
သို့ပေမယ့် သူသဘောကျတဲ့အရာတွေလုပ်နေသည့်အချိန်တွေမှာ ဂယူဘင်းကိုပါအနားမှာရှိစေချင်သည့် စိတ်ကလေးကပါ ပေါ်ပေါ်လာတတ်သေးသည်။