ယူဂျင်းတို့ကျောင်းထဲမှာ လူပင်အတော်ရှင်းနေပြီမို့ ယူဂျင်းများပြန်သွားပြီလား နောက်ကျလို့သူ့ကို စိတ်များဆိုးနေပြီလားတွေးရင်းစိတ်တွေပူလာသည်။ ဒီကောင်လေးသာစိတ်ကောက်သွားရင် သူ့မှာဘယ်ပုံဘယ်နည်းချော့ရမည်မသိ။
လွန်ခဲ့တဲ့တစ်လလောက်ကမရမကတောင်းယူထားရသည့် contact လေးကိုနှိပ်လိုက်တော့တစ်ဖက်ကထူးလာသည့် မိုးသံဆူဆူညံညံကြားက ဟယ်လိုဆိုသည့်အသံလေးကြောင့်ရင်ထဲကစိတ်ပူမှုတွေချက်ချင်းပျောက်သွားသလို။ အသံလေးနားထောင်ရတာစိတ်ဆိုးနေတဲ့ပုံဟုတ်မနေ၍ပင်။
"ကိုယ်ပါ
ယူဂျင်းတို့ကျောင်းထဲရောက်နေပြီအခု"
"ကျွန်တော်ကစာကြည့်တိုက်ရှေ့မှာ"
"ဟုတ်ပြီဟုတ်ပြီ ကိုယ်အခုလာပြီနော်"
"အင်း"
ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ပြီး စာကြည့်တိုက်ဘက်ကိုခပ်သုတ်သုတ်လေးသွားသည်။ ယူဂျင်းကိုလာပို့လိုက် လာကြိုလိုက်နှင့် ဝင်ထွက်နေကျမလို့ ဒီကျောင်းရဲ့နေရာအားလုံးကိုသူသေချာသိနေသည်မှာမထူးဆန်းတော့။ပိန်ပါးပါးခန္ခာကိုယ်လေးပေါ်ကချည်လက်ရှည်အဝါပါးလေးကလေတိုက်လို့လွင့်နေရင်း မိုးရေစက်များပါစင်နေသည်ကိုအနောက်ဘက်ကနေလှမ်းတွေ့လိုက်တော့
ဂယူဘင်းစိတ်ပူမိသည်။ တကယ်ပဲလေတိုက်ကြီးထဲမှာမှစောင့်နေရသလား။
အေးနေတော့မှာပဲ။
ယူဂျင်းရှိရာသို့မပြေးရုံတမယ်သွားရင်းခြေချော်ပြီးလဲမလိုပင်ဖြစ်သွားသေးသည်။"ယူဂျင်း စောင့်ရတာကြာသွားတယ်မလား" ကျောပေးထားရာကနေယူဂျင်းသူ့ဘက်ကိုလှည့်ကြည့်လာသည်။
"ကိုယ်ကအရှေ့ဖက်မှာမတွေ့တော့ယူဂျင်းများပြန်နှင့်ပြီလားလို့"
"လာကြိုမယ်ပြောခဲ့လို့လေ"
"စောင့်နေပေးလို့ကျေးဇူးပါ ကိုယ်နည်းနည်းကြာသွားတယ်"
"အေးနေပြီမလား" ပြောရင်းဆိုရင်းသူ့ဂျာကင်လေးကိုယူဂျင်းကိုယ်ပေါ်လွှားခြုံပေးလိုက်သည်။
"ခင်ဗျားဘာသာဝတ်ထားပါ လက်တိုကြီးနဲ့ကို"
"မဝတ်ပါဘူး လေတိုက်ကြီးထဲရပ်နေတဲ့ယူဂျင်းကအေးနေမှာပေါ့"
ယူဂျင်းကျောပေါ်ကလွယ်အိတ်လေးကိုပါဆွဲယူပြီး သူ့ကျောပေါ်ပြောင်းလွယ်လိုက်သည်။
"ကိုယ့်ဂစ်တာအိတ်သူငယ်ချင်းကိုယူပြန်ခိုင်းလိုက်တာ" ဂယူဘင်းကိုတစ်ခုခုလိုနေသလိုကြည့်လာသည်မို့ ကားပေါ်ထည့်ပေးလိုက်သည့်ယူဂျင်းရှေ့သူအမြဲတမ်းစတိုင်ထုတ်ကာလွယ်နေကျဂစ်တာအိတ်လေးအကြောင်းအသိပေးလိုက်သည်။