ညနေစာစားပြီးတာနဲ့ မိုးမိလာတာကြောင့် နုံးချိချိဖြစ်နေရာကနေ ဖျားသွားမည်ဆိုး၍ဆေးသောက်ကာ ယူဂျင်းစာပင်မလုပ်တော့ပဲအိပ်ယာထဲစောစောဝင်ခွေနေလိုက်သည်။ ပုံမှန်ဆိုရင်တော့ မိုးရွာတိုင်းထီးတစ်ချောင်းနှင့်လာကြိုပေးတတ်သည့်အပြင် တစ်ချောင်းတည်းရှိတဲ့ထီးလေးကိုလည်း သူ့ဘက်သာအောင်ဆောင်းပေးတတ်သည့်လူကြောင့်
ဒီလိုမိုးမိတာမျိုးမဖြစ်ဖူး။ဒီနေ့နဲ့ဆိုဂယူဘင်းနဲ့လုံးဝမတွေ့ရတာ လေးရက်တင်းတင်းပြည့်သွားပြီ။ သူအရက်မူးတဲ့ညကားပေါ်မှာတူတူအိပ်ကြပြီး အိမ်ပြန်ပို့ပေးခဲ့တဲ့မနက်ကစလို့ ဂယူဘင်းကသူ့ရှေ့ပေါ်မလာတော့တာ။ အရင်မနက်တွေလိုကျောင်းဝင်ပေါက်ရှေ့လည်းလာရပ်စောင့်မနေသလို အတန်းရှေ့ရောက်တဲ့အထိလည်း ဘေးကနေယှဉ်ပြီးကပ်မလိုက်လာတော့ ယူဂျင်းအဖို့ ဒီလေးရက်လုံးကဟာတာတာနှင့်စာသင်နှစ်ရဲ့အခြောက်ကပ်ဆုံးနေ့တွေလို။
ညနေက မိုးရွာနေတာကြောင့် ယူဂျင်းအတန်းမဆင်းခင်ကပင် ဒီညနေတော့ထီးတစ်ချောင်းနှင့်ပေါ်များလာနိုင်လေမလားဟုသူ့အတွေးလေးနှင့်စာထဲတောင်အာရုံမစိုက်နိုင်ခဲ့ပေမယ့် ကျောင်းဆင်းတာနဲ့သူ့လွယ်အိတ်ကိုသာမိုးပြီး ဘတ်စ်ကားမှတ်တိုင်ထိအမြန်ပြေးခဲ့ရသည်။အကြောင်းအရင်းမရှိ လူရှေ့လုံးဝပေါ်မလာတဲ့ဂယူဘင်းကြောင့်ဒီရက်တွေအတွင်း ယူဂျင်းရဲ့ဦးနှောက်ရော နှလုံးသားလေးပါအလုပ်ရှုပ်နေသည်။ ဂယူဘင်းသူ့ကိုတစ်ခုခုများစိတ်ခုသွားသေးလားဟုစဉ်းစားမိပေမယ့် သူမှတ်မိသလောက် ထိုနေ့ညကသူဘာအမှားမှမလုပ်ခဲ့မိဘူး။ အိပ်ပျော်နေတုန်းအခွင့်ရေးယူပြီးနမ်းသွားတာကိုတောင်ခွင့်လွှတ်ပေးခဲ့သေးတာ။ ဒီအတိုင်းသူ့အပေါ်ဂယူဘင်းစိတ်ဝင်စားမှုများမရှိတော့လို့လား။ ဂယူဘင်းအတွက်သူကပျင်းစရာဖြစ်သွားလို့လား။
သူ့အတွက်တော့ပထမဆုံးဆိုပေမယ့် ဂယူဘင်းတွင်တော့သူတစ်ယောက်တည်းရှိခဲ့ဖူးတာမဟုတ်မှန်းယူဂျင်းကောင်းကောင်းသိသည်။ ထိုသို့စဉ်းစားမိတိုင်းလည်း အတွေးထဲစွဲနေသည့် ပါတီမှာတုန်းကဂယူဘင်းနှင့်အများကြီးပတ်သတ်ခဲ့ဖူးဟန်ရှိသည့်မိန်းမလှတွေနှင့်စာရင် သူကနည်းနည်းလေးမှစိတ်ဝင်စားဖို့မကောင်းသည့်လူမျိုးဟုလည်းသူ့ကိုယ်သူလည်းနှိုင်းယှဉ်တတ်သေးသည်။ ထို့ကြောင့်နဂိုကမှအတွေးလွန်တတ်သည့် သူ့အဖို့ ဒီရက်ပိုင်းလေးနဲ့တင်စိတ်လုံခြုံမှုများမရှိသလိုဖြစ်လာပြီး ညတိုင်းခေါင်းကိုက်တဲ့အထိတွေးပြီးမှအိပ်ပျော်သွားတတ်သည်။