ညဏ်နီညဏ်နက်များသည့် ကျောင်းသားဆိုးလေး
ငယ်ရွယ်နုပျိုမှုတို့၏ အမှတ်တရများစွာ စုဝေးရာ၊ ကြည်နှူးလိုက်ခုန်ဖွယ်ရာ၊ ဆွတ်ပျံ့လွမ်းမောဖွယ်ရာတို့က ဤကျောင်းတော်ကြီးအတွင်းမှာပင် တည်ရှိနေသည်။ များပြားလှစွာသော ဂုဏ်အဆင့်အတန်းတို့ကို ကြည့်မနေပါဘဲ ခင်မင်ရင်းနှီးမှုကိုသာ မှီတည့်နေသည့် ရိုးသားဖြူစင်သော ငယ်သူငယ်ချင်းများစွာကို ရှာဖွေတွေ့ရှိနိုင်သည်မှာလည်း ဤနေရာသာလျှင် ဖြစ်၏။ အားမာန်တက်ကြွနေကာ စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် တိုင်းပြည်၏ အနာဂတ်ကို ထုဆစ်ပုံဖော်ကြမည့် ကျောင်းသား၊ ကျောင်းသူများကတော့ ကျောင်းတော်ကြီး အတွင်းဝယ် ပျားပန်းခတ်မျှ လှုပ်ရှားနေလျက်။ ယင်းမှာ လူငယ်ဆန်လှသည့် မာန်တစ်မျိုးကိုတောင် ထုတ်လွတ်ပုံဖော်နေသယောင်ယောင်။
'GOF' အထက်တန်းကျောင်းသည် မြို့တော်တွင် နာမည်အကြီးဆုံးနှင့် စရိတ်အကြီးဆုံးဖြစ်သည့်အပြင်၊ ထူးချွန်လူငယ် အမြောက်အများကို မွေးထုတ်ပေးရာ ပထမအဆင့် ထိပ်တန်းကျောင်း ဖြစ်ပေသည် ။သို့ဖြစ်၍ သာမာန်လူများ မနေနိုင်သလို တက်ရောက်နိုင်သော ကျောင်းသား၊ကျောင်းသူများမှာလည်း IQ မြင့်မားကြပီး မြို့တော်၏ ဒုတိယ လူကုံထံ မျိုးဆက်များသာလျှင်။ ထိပ်တန်းကျောင်း ဖြစ်သည်နှင့်အညီ ကျောင်းက ထောက်ပံ့ပေးထားသော facilities များမှာကား အပြစ်ဆိုဖွယ်ရာဟူ၍ မရှိ။ ကျောင်းအတော်များများ၏ ဘုံတူညီစိတ်ညစ်စရာတစ်ခုမှာ ကန်တင်းမှ စားသောက်ဖွယ်ရာများ ဖြစ်တတ်သော်ငြား 'GOF' ရဲ့ အစားအသောက်များကတော့ တစ်ကယ့်ကို ကောင်းမွန်လှပေ၏။
အစားအသောက်ကောင်းက စိတ်ညစ်စရာ တော်တော်များများကို ဆွဲဖြုတ်ယူပစ်နိုင်စွမ်းရှိသည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။ ထို့ကြောင့် ကျောင်းစာများ၏ ဖိအားဒဏ်ကိုသာ ရင်ဆိုင်ကြရသော လူငယ်လူရွယ်တို့အဖို့ အစားအသောက်ကောင်းများက စိတ်ပျော်ရွှင်နိုင်စေသည့်အပြင် ယင်းဖိအားများကိုပါ တစ်နည်းတစ်ဖုံ သက်သာနိုင်သွားစေသည် မဟုတ်ပါလား။ ထို့အပြင် စားကောင်းသောက်ဖွယ်များကို မနှစ်သက်သူဟူ၍လည်း မရှိပါပေ။ ဤအချက်သည်ပင်လျှင် ကျောင်းရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်လို့နေသည်။