ဧည့်ခန်းထဲရောက်သည်အထိ ငိုကြွေးနေသူအား ရစ် ပျင်းတိပျင်းတွဲပုံစံဖြင့် ထိုင်ကြည့်နေမိတော့သည်။တစ်ခွန်းမကျန်အောင် ပြန်ပြောနေသည်ကို ကြည့်မရတာကြောင့် ပညာပေးသည့်အနေဖြင့် ခြံထဲအား ရှစ်ပတ်လောက်ပတ်ခိုင်းစေချင်၍ ညာပြောလိုက်ခြင်းဖြစ်သည်။ထိုသည်ကို ဘာမြင်ပြီး လန့်ဖြန့်သွားသလဲတော့ မပြောတတ်။လက်ဖဝါးရှိ ဒဏ်ရာသည်လည်း ပွန်းပဲ့ပြီး သွေးစို့နေသေးသည်။တော်ဝင်ပန်းမာန်က တကယ်ကို နာမည်နဲ့လိုက်အောင် ပျော့ညံ့လွန်းသည်ဟု ရစ်ထင်မိ၏။
"ကျစ်...ကြည့်ကောင်းလို့ ထိုင်ကြည့်နေတယ်ထင်နေတာလား တော်ရုံပဲကောင်းတယ်နော် နားတွေတော်တော်ငြီးနေပြီ"
အားရပါးရငိုနေတုန်း ရစ်၏ အသံခပ်ဩဩကြောင့် တော်ဝင်ပန်းမာန် ရစ်အား စိုက်ကြည့်ပြီး မျက်စောင်းထိုးပစ်သည်။ဘယ်သူကရော အကြောင်းမဲ့ငိုနေမှာလဲ။အရာအားလုံးက သူ့ကြောင့်ဖြစ်တာမဟုတ်ဘူးလား။အလန့်လွန်ပြီး မသေသွားတာကြောင့် တော်သေးသည်ဟု ပြောရမည်။
"အကြည့်တွေကိုပြင်နော်"
"မပြင်တော့ဘာဖြစ်ချင်လဲ...ငါ့ကိုလန့်အောင်လုပ်တာမင်းလေ ဘာလို့ ကြောင်ပျောက်တယ်ဆိုပြီး ငါ့ကိုလိမ်လဲ"
"ဘယ်မှာလိမ်နေလဲ ပြစမ်းပါ"
"မင်းကြောင်က ငါဝင်လာတည်းက အဲ့ဧည့်ခန်းမှာ ထိုင်နေတာလေ မင်းဗြောင်မလိမ်နဲ့"
"ခုနမှဝင်လာတာလည်းဖြစ်နိုင်တာပဲလေ"
"အား...ငါဒေါသတွေထွက်လာပြီနော်...ထွက်သွား...ငါ့ရှေ့ကထွက်သွား"
ဆိုဖာပေါ်က အရွယ်အစားသေးငယ်သောခေါင်းအုံးများဖြင့် ရစ်အား ပစ်ပေါက်ရင်း ထွက်သွားဟန် အော်ဟစ်ပြောနေတော့သည်။မျက်နှာတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား နီရဲနေသည်ကို ကြည့်ချင်းအားဖြင့် တော်ဝင်ပန်းမာန် တော်တော် ဒေါသထွက်နေမှန်း သိနိုင်သည်။ငိုထားတာရော၊ဒေါသထွက်တာရောပေါင်းပြီး တော်ဝင်ပန်းမာန် မောဟိုက်နေလေပြီ။
"တော်တော့...ခင်ဗျားကျုပ်ကိုခေါင်းအုံးနဲ့တစ်ခါပေါက်ရင် ကျုပ်ခင်ဗျားကို တစ်ခါကိုက်မယ် ခင်ဗျားပဲပေါက်နိုင်မလား ကျုပ်ပဲကိုက်နိုင်မလား ကြည့်ကြတာပေါ့"
YOU ARE READING
"Yit"Is Your Husband
Romance"လောကကြီးမှာရှိတဲ့ လူတွေအကြောင်းကို ခင်ဗျားသိစရာမလိုဘူး တော်ဝင်ပန်းမာန်...ကျုပ်ဆိုတဲ့ ဆူးမာန်ရစ်ခွေက ခင်ဗျားရဲ့ယောင်္ကျားဖြစ်လာမယ့်သူ ဆိုတာကိုတော့ ခင်ဗျားခေါင်းထဲစွဲနေအောင်မှတ်ထား...Yit Is Your Husband" ဝတ္ထုပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သ...