chapter 1

564 8 0
                                    

unicode version

တောင်ပေါ်လေညင်းများက နူးညံ့စွာ တိုက်ခတ်နေသည်။ လေနုစိမ်းများကြောင့် အနီရောင်လည်စည်း အနည်းငယ်ပြေလျော့လာ၍ အအေးဒဏ်ကို နွေသက်ခြူး ခုခံလိုက်ရသည်။

ဤမြို့ငယ်သည် နှစ်အနည်းငယ်ကြာသွားသည့်တိုင် ဒီဇင်ဘာဆောင်းအား မဆန့်ကျင်ခဲ့ပေ။ ခိုက်ခိုက်တုန်အောင် ချမ်းပေသည်။ အနုတ် ၅°အောက်ရှိဒေသတွင် ခြောက်နှစ်ကျော်နေခဲ့သည့် သူမသည်ကား ၁၂°သာ ရှိသည့် ဤတောင်တန်းငယ်၏ ဆောင်းရာသီ ကို မဖြတ်ကျော်နိုင်သေးပေ။

အဖြစ်ကား လက်ဆွဲအိတ်မှ သော့တွဲကို အချိန်ကြာမြင့်စွာရှာနေရ၍ ပင်ဖြစ်ပေလိမ့်မည် ။ သူမ၏ ဖြူဆုတ်လွယ်သော နှုတ်ခမ်းတွင်မူ သွေးမရှိတော့ ။ လက်ချောင်းများသည်လည်း ထုံကျင်လာချေပြီ။ တံခါးသော့ဖွင့်ကဏ္ဍကြီး ပြီးဆုံးသွားသည်နှင့်  ကျွန်းတံခါးဖွင့်ပိတ်ဖို့ရာ နှင့် လက်ဆွဲအိတ်ကြီးနှစ်လုံးဖို့ အားကုန်သုံးလိုက်ရသည်။

အိမ်ထဲသို့ရောက်သည်နှင့် ရင်တွင် ထူးခြားသော လွမ်းဆွတ်မှုအငွေ့အသက်အား ရှူရှိုက်အပြီး သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ အပြင်ဘက်ကဲ့သို့ သိပ်မအေးသော်လည်း အနွေးဓာတ်က လိုနေသေးသည်။ သူမဝတ်နေသော ဆွယ်တာအပါးတစ်ထည်က လိုရာခရီးမရောက်။

ဧည့်ခန်း၌ပင် အထုပ်ဖြည်ချကာ အနောက်နိုင်ငံတွင်သူမသုံးခဲ့သော အသက်ရှူပင်ကျပ်စေသည့် heatech အထည်များကို ထပ်ဝတ်လိုက်သည်။
သို့သော် မလောက်ငှသေးပေ။ အဝေးပြေးကားပေါ် အအေးပေးစက်အားခန်းကုန်ဖွင့်ထားသည့် ကားဆရာကိုလား ၊ သို့မဟုတ် အနွေးထည် ထုတ်ဝတ်ဖို့ ပျင်းကာရှုပ်သည်ဟုထင်သည့် သူမကိုသူမလား မည်သူ့ကို အပြစ်တင်ရမှန်းမသိလေတော့။

အဆုံးတွင် မီးဖိုချောင်ထဲဝင်ကာ ရေနွေးအိုးတည်ဖို့သာ ဆုံးဖြတ်လိုက်ရသည်။ သူမကိုင်လိုက်လျှင် ရေနွေးအိုးငယ်မှာ အနည်းငယ်နွေးနေသေးမှန်း ခံစားလိုက်ရသည်။ ဘေစင် ဘေးတွင်လည်း ဆေးပြီးလက်စ ခွက်တစ်ခုရှိနေသည်။ တိုင်ကပ်နာရီအားမော့ကြည့်လျှင် မနက်၈ နာရီပင် မခွဲသေးပေ။
ထိုလူကြီးအလုပ်သွားလောက်ပြီ ဟု သူမမှတ်ချက်ချလိုက်ကာ ရေနွေးဆက်သောက်နေ၏။

1500လား 528 လားWhere stories live. Discover now