Chapter 5

117 6 0
                                    

တနင်္ဂနွေနေ့ မနက်ပိုင်းရှစ်နာရီတွင်ဖြစ်သည် ။ မနိုင်မနင်းထလာရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သူမမျက်နှာကို ရေချိုးခန်းရှိမှန်ပေါ်တွင် အထင်းသားမြင်နေရသည် ။ မျက်ကွင်းများကညိုကာ မျက်နှာပြင်တစ်ခုလုံးက ဝါကျင်နေ၏။ တစ်ပတ်လုံးရှိနေ့ရက်များတွင် သူမခွဲခန်းကိုအကြိမ်နှစ်ဆယ်လောက် ဝင်ကူရသည်။ ထိုမျှမက သူမသည်ပိတ်ရက်ဖြစ်သည့် စနေနေ့တွင်လည်း အိုတီဆင်းရကာ ရဲသက်မျိုးပြောသော "ကိုယ်တော့မထင်ဘူး "ဆိုသည့် အဓိပ္ပါယ်ကို လက်တွေ့ကျကျတွေ့ကြုံလိုက်ရသည် ။ ပါမောက္ခပြောသည့် ထမင်းနှစ်ဆစား ဆိုသည်လည်း အတူတူပင် ။ ကြားထဲတွင် သူမစကားပြောတိုင်း ပြောချင်မှသာပြန်ပြောသည့် ကသိကအောက်ဖြစ်စရာ လုပ်ဖော်ကိုင်ဖက်သည်လည်း အလုပ်များသည့်အပိုဆုအနေဖြင့် ဒုက္ခပေးသေး၏။

ကမ္ဘာကြီးလည်ပတ်နေသကဲ့သို့ လူသားများသည်လည်း 24/7ကို ဝိုင်းပတ်တလည်ဖြစ်နေရကာ ရှားရှားပါးပါးတန်ဖိုးကြီးသည့် ပိတ်ရက်ငယ်အား ကောင်းကောင်းအသုံးချရန် နွေသက်ခြူးအစီအစဥ် ဆွဲလိုက်သည်။ ရေချိုးအလှပြင်ပြီး မနက်စာစားရန် အခန်းမှထွက်လာသည့်အချိန်တွင် ဆယ်နာရီကျော်လေပြီ။ တစ်ပတ်လုံးသူမအတွက်ထမင်းဟင်းချက်ပေးကာ အကြိုအပို့ပါလုပ်ပေးသောသူမှာ တီဗီရှေ့တွင် ဖုန်စုပ်စက်ဖြင့် အလုပ်ရှုပ်နေ၏။
"မောနင်း အကို ဘာစားစရာရှိလဲ "

သူမအသံကြောင့် ရဲသက်မျိုးလှည့်ကြည့်လာကာ ဖုန်စုပ်စက်ကိုပိတ်ပြီး မီးဖိုထဲဝင်သွား၏။ တစ်ချက်ကလေး ပုံမှန်ပြောနေကျ အင်း ဟုပင်မဆို။
စိတ်အခြေနေမကောင်းဘူးလားဟု မေးသင့်သော်လည်း နွေသက်ခြူးထိုသို့မေးဖို့ရန် ပျင်းလှသည်။

"အကိုကနွေ့ကို ကြက်ဥတွေနင်းကန်စားပြီး သေခိုင်းမလို့လား "

ထမင်းစားပွဲပေါ်တွင် ဟင်းပွဲသုံးပွဲရှိကာ အကုန်လုံးမှာ ကြက်ဥဖြင့်ချက်ထားသည်ချည်းဖြစ်၏။ သူမကြက်ဥကို မုန်းနေပြီဖြစ်သည် ။ အကြောင်းမှာ ပရိုတင်းဓာတ်ပြည့်ဝဖို့ဆိုကာ ကြက်ဥများများစားသင့်သည်ဟု ညစာတစ်ပွဲတွင် ဒေါ်ခင်နုငယ်မှ သားဖြစ်သူအား သူ့ချွေးမကိုချက်ကျွေးရန် မှာကြားမှုကြောင့်ပင် ။ ထိုနှင့် အလုပ်ရှုပ်သည့် နွေသက်ခြူးတစ်ပတ်တာ၏ မနက်စာနှင့်ညစာမှာကြက်ဥများသာ ဖြစ်နေတော့သည် ။

1500လား 528 လားWhere stories live. Discover now