[Zawgyi]
3"ရင်ခုန်သံမင်းနားကြပ်လေးနဲ့နားထောင်ပါဦး...ဆေးကျောင်းကမောင့်ရဲ့အချစ်ရေ မောင့်လာကုပေး...အမည်မဖော်နိုင်ရောဂါတစ်ခုလို ကြပ်သိပ်ပြီးမွန်းနေ...မင်းလေးအချစ်ဆေးသစ်လေးနဲ့..မောင့်လာကုပေး..."
သူမအခန်းထဲခပ်တိုးတိုးဖွင့်ထားသော ခင်မောင်ထူး၏ မောင့်ဆေးကျောင်းသူသီချင်းကိုနားထောင်ရင်း နေရီပြုံးနေမိသည်။
ဘာကြောင့်မှန်းမသိ ဒီတစ်ညနေလုံး စိတ်ထဲကထိုသီချင်းကိုနားထောင်လိုသော အာသီသ က အတော်လေးရှိနေသည်။
Laptop မှနေ နောက်နေ့သင်ရမည့် power point များလုပ်နေသည်မှာ တစ်နာရီမျှရှိပြီမို့ နေရီ ခါးကျောလေးဆန့်လိုက်ကာ ဒေါက်တာချစ်ရွှန်းသဒ္ဓါ ဟူသော ဆရာဝန်မလေးအကြောင်းက အတွေးထဲအလိုလိုရောက်လာ၏။
နေရီ လက်၂ဖက်ဖြင့်မေးလေးကိုထောက်ရင်း
"ချစ်ရွှန်းသဒ္ဓါ ချစ်စရာလေး"
နှုတ်ခမ်းပါးပါးလေးထက်ဝယ် ကျေနပ်စွာဖြင့်အပြုံးချိုချိုလေးကိုဖန်တီးလိုက်ပြီးနောက် တစ်ဆက်တည်း ပထမနေ့ကသူမနှင့် ရွှန်း စတင်တွေ့ဆုံခဲ့ပုံကိုတွေးပြီး နေရီ အလိုမကျဖြစ်ပြန်သည်။
"ဟာကွာ သူ့ရှေ့မှာမှခွေးဆွဲခံရတယ်လို့ ရှက်လိုက်တာ"
နှုတ်ခမ်းလေးတစ်ချက်ဆူကာ ရှက်စိတ်လေးကစိုးမိုးလာစဉ် တံခါးခေါက်သံကြောင့် ထဖွင့်ပေးလိုက်တော့ ဝတီ ဖြစ်နေ၏။
"ဝတီ ဝင်ခဲ့လေ"
နေရီက သူမအလုပ်စားပွဲခုံတွင်ပြန်ထိုင်လိုက်ကာ ဝတီကတော့ နေရီ့အနီးရှိခုံတွင်ထိုင်လိုက်ပြီး
"နဖူးဆေးမထည့်ဘူးလား မမ"
နေရီအနာကို ဘာမှမကပ်ဘဲဖွင့်ထားသဖြင့် ဝတီ မေးလိုက်တော့မှ
"ဪ ဟုတ်သားပဲ"
"ဝတီထည့်ပေးမယ်"
"ရပါတယ် မမ ဘာသာထည့်လိုက်ပါ့မယ်"
နေရီဟာ ဝတီ့ကိုပြုံးပြီးပြောလိုက်ရာ ဝတီကမျက်မှောင်လေးကြုံ့လျက်
"ကိုင်ရဲလို့လား မမရဲ့"
"သွေးမှမထွက်တော့တာ"
YOU ARE READING
သူမချည်သောအချစ်ကြိုး(completed)
Romanceတို့ချည်လိုက်တဲ့အချစ်ကြိုးလေးကိုဘယ်တော့မဖြည်ရဘူးနော်