📨 _ ရူထိုရေ... ကင်မ်ချီထမင်းကြော်စားချင်တယ်
လုပ်ကျွေးလေ.. နော်.. TT _ကိုကို့ဆီက ရောက်လာတဲ့ message တစ်စောင်ကြောင့် ဟာရူထိုမှာ ပျာယာခတ်ပြီး ရုံးအမြန်ဆင်းဖို့
ပြင်ရသည်။ သူ ကိုကို့ကို တစ်ခုခုချက် မကျွေးရတာ
ဘယ်လောက်တောင်ကြာနေပြီလဲ ။ ဟိုးအရင်..သူက တက္ကသိုလ်ကျောင်းသားဘဝ ၊ ကိုကိုက လုပ်ငန်းခွင်
ဝင်စအရွယ်တုန်းကဆို ကိုကိုက စိတ်ကူးပေါက်တိုင်း
သူ တစ်ယောက်တည်း အိမ်ခွဲနေသည့် အခန်းသို့
ရောက်ချလာတတ်သည် ။ ဟင်းချက်စားဖို့ စိတ်မဝင်စားဘဲ ကြုံရာဝယ်စားတတ်သည့် သူက
ကိုကို ကြိုက်တဲ့ အစားအစာလေးတွေကိုတော့ ချက်တတ်အောင် ကိုကို မသိရစေဘဲ သင်ခဲ့ဖူးသည်။ နောက်
ကိုကို.. သူ့အိမ်လာတိုင်းလည်း ချက်ကျွေးခဲ့ဖူးသည်။ကိုကိုအိမ်ထောင်ပြုပြီး နောက်ပိုင်း ဒီနှစ်နှစ်အတွင်းမှာပထမဆုံးအကြိမ် ကိုကို့ဘက်က တစ်ခုခုလုပ်ကျွေးဖို့
တောင်းဆိုခြင်းဖြစ်သည်။ ကိုကို သူ့အိမ်ကို မလာတော့တာလည်း အတော်ကြာပြီမို့ ဟာရူထိုမှာ ခြေမကိုင်မိ လက်မကိုင်မိတောင် ဖြစ်နေရသည်။ ခုလို ကိုကို စိတ်ပင်ပန်းနေချိန်မှာ ကိုကို့ကို အရသာရှိတာလေးတွေ စားစေချင်မိသည်။ရုံးစောစောဆင်းပြီး.. အိမ်ပြန်ကာ ကိုကို တောင်းဆိုထားသော ကင်မ်ချီထမင်းကြော်အပြင် တခြား ကိုကိုကြိုက်တတ်လေးတွေပါ ပြင်ဆင်ပြီး
ကိုကို့ကို လာခဲ့ဖို့ ဖုန်းပြန်ဆက်ရသည်။" အရင်ကထက်ကို ရူထို့လက်ရာက တိုးတက်လာတာပဲ.. ဆိုင်တောင်ဖွင့်လို့ရတယ် "
ကိုကိုသည် ထမင်းကြော်ကို အပြည့်ထည့်ဝါးကာစားရင်း.. အားရပါးရချီးကျူးနေသည်။ ကိုကိုသည်
သူချက်ကျွေးသော ထမင်းကြော်ကို ကောင်းကောင်းစားဝင်နေတာမို့ ဟာရူထိုမှာ ဝမ်းသာခြင်းတစ်ဝက်နဲ့
စိတ်အေးရသည် ။ ကိုကိုသည်..မူဟန်မပျက် ပြုံးရွှင်ရယ်မောနေသော်လည်း ချောင်ကျနေသော
မျက်လုံးလေးတွေကတော့ နွမ်းဖတ်လို့နေသည်။
ကိုကို့ပါးဖောင်းဖောင်းလေးတွေတောင် ..
အရင်လို ပြည့်တင်းမနေ ။ ဟာရူထိုတွင် ကိုကို့အားမေးရန် မေးခွန်းများစွာရှိနေပါသည် ။ သို့သော်လည်း..
မေးဖို့ရာ.. မမေးရက် ။ ယုတ်ယွအဆုံး
ကိုကို တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကိုပြောပါ
ဟူသော စကားကိုပင် ပြောမထွက် ။ ကိုကိုသည်
ကိုကိုက အစ်ကိုကြီး ၊ ဟာရူထိုက ညီငယ် ဟူသော
အချက်အပေါ် ဘယ်လောက် အစွဲထားလိုက်သလဲ ။
ကိုကို့ကို စိတ်ချမ်းသာစေချင်လွန်းလို့ ကိုကို့ထားရှိသည့်
အစ်ကိုကြီးမာန အပေါ် ထိခိုက်သွားစေမည့် စကားမျိုးတွေ ဟာရူထို မပြောနိုင်ပါ ။ကိုကို့ဘက်က ဖွင့်ဟ
မပြောဘဲမျိုသိပ်ထားသည်ကို သူအတင်းဆွဲမထုတ်လို။
သူအတင်းဆွဲထုတ်မိလို့ ကိုကိုက သူနဲ့ဝေးရာကို
ပြေးသွားရင် ဘယ်လိုလုပ်ရပါ့ဟုတွေးကာ
ကြောက်မိသည် ။ သူသည် အမြဲတမ်း ကိုကို့နားတွင်
ကိုကိုထားသည့်အတိုင်း စောဒကတစ်ခုမှမတက်ဘဲ
နေမည့်လူမျိုးဖြစ်သည်။ ကိုကို တားသောစည်းရဲ့
အနောက်မှာ မြဲမြဲမြံမြံရပ်နေခဲ့ခြင်းသည် ကိုကိုနဲ့
ဝေးမသွားချင်လွန်းသောကြောင့်သာ ဖြစ်သည်။
![](https://img.wattpad.com/cover/355981530-288-k17666.jpg)