ဟာရူထိုသည် မျက်လုံးများ ကျိန်းစပ်ပြီးမဖွင့်နိုင်။
ခေါင်းထဲတွင် တဆစ်ဆစ်ထိုးကိုက်နေပြီး နားထဲတွင်လည်း လေထွက်သံတွေက တဝီဝီ ။ အာခေါင်ခြောက်ကပ်လို့ ရင်တွေကလည်း ပူလှသည်။ မနေ့ကကိုကိုနဲ့ စကားများပြီး ထွက်လာတော့ မှောင်စပျိုးနေပြီ။ စိတ်ညစ်ညစ်နဲ့ မြစ်ကမ်းဘေးမှာ သွားထိုင်သည်။
နှင်းတွေ တဖွဲဖွဲ ကျနေသည့်ကြားက ပေကပ်ပြီး
ငုတ်တုတ်ထိုင်နေခဲ့တာ ဖြစ်သည် ။ ပြီးတော့ အရက်ဝယ်ကာ အိမ်မှာ ပြန်သောက်သည် ။
အခုမိုးလင်းတော့ အရက်နာကျခြင်းနဲ့အတူ
အအေးပါ မိသွားပုံရသည် ။ ဒီလုပ်ရပ်တွေအကုန်လုံးက ဘာအဓိပ္ပါယ်မှ မရှိမှန်းသူသိသည် ။ သူ့စိတ်တွေက ဘာတစ်ခုမှကို အာရုံစိုက်မရအောင် ထွေပြားလွန်းနေတာမို့ အအေးတောထဲမှာ သတိလက်လွတ် ထိုင်နေခဲ့မိသည် ။ ကိုကို့ကို သူချစ်သည်။ ကိုကို့ဘက်က တုံ့ပြန်ချစ်တာကိုလည်း သူလိုချင်သည် ။ ဒီလိုဆန္ဒတွေက မှားများနေတာလားဟု သူတစ်ညလုံး တွေးနေခဲ့မိသည် ။ဆန္ဒတွေက မမှားယွင်းပေမဲ့ လုပ်ရပ်တွေကတော့ အမြဲလွဲချော်နေခဲ့သည် ။သူသည် ကိုကို့နှလုံးသားကို ဘယ်တုန်းကမှ
မဖမ်းဆုပ်နိုင်ခဲ့ ။လွန်ခဲ့သည့် ရက်သတ္တပတ်တွေတုန်းကတော့
ဟာရူထိုသည် ပျော်ပျော်ရွှင်ရွှင် ။ ရင်ခုန်မှုတွေ ၊
မျှော်လင့်ချက်တွေနဲ့ ကြည်နူးနေခဲ့သည် ။အခုတော့
အိမ်မက်ကနေ နိုးထခဲ့ရပြန်သည်။ ကိုကို့ကို
တစ်ယောက်တည်း မထားခဲ့ချင်ပေမယ့် သူထွက်သွားမှရတော့မည် ။ ဝေးဝေးကနေပဲ စောင့်ရှောက်ရင်း
သူ့နှလုံးသားကို အနားပေးရမည် ။ ဒီအတိုင်း
ကိုကို့အနားမှာဆက်နေဖို့ သူမတတ်နိုင်တော့ ။ ကိုကို့ကို
လွတ်လပ်သူတစ်ယောက်အဖြစ်နဲ့ မြင်ရတော့
မျိုသိပ်ထားခဲ့တဲ့ သူ့ခံစားချက်တွေက ပြန်ပေါ်လာခဲ့သည်။ တနေ့ပြီးတနေ့ နေလာရင်း သူ့လောဘတွေက ကြီးထွားလာခဲ့သည် ။ကိုကို့အား ပိုင်ဆိုင်ချင်စိတ်တွေ
များလာသည်။ ကိုကို့အချစ်ကို ပိုပြီး တပ်မက်လာသည်။
ဒါတွေကို ထိန်းချုပ်ဖို့ဆို ကိုကိုနဲ့သူဝေးနေမှသာ
ဖြစ်တော့မည် ။