ပန်းချီ ။

552 48 6
                                    

အခန်း (၁)

"ပန်းချီဆရာတွေဟာ သူတို့နှလုံးသားနဲ့ ထပ်တူကျတဲ့လူကို တွေ့မှ သူတို့ဘဝထဲကို ဝင်ခွင့်ပေးတယ်"

🎨🖌️

ချွင်ခနဲ မြည်သံသည် ဆိုင်ကလေး၏ အတွင်းမှနေ၍ လမ်းမအထိ အလျှံပယ် ထွက်ကျလာသည် ။ ဂျန်းနီ ဆိုင်ထဲကို ဝေ့ဝဲကြည့်လိုက်တော့ အရင်လို ဦးလေးတွမ်ကို မတွေ့ရဘဲ ဆိုင်ကောင်တာတွင် ရပ်ကာ တစ်စုံတစ်ခုကို အာရုံစိုက်နေဟန်တူသော မိန်းမတစ်ယောက်ကိုသာ တွေ့ရလေသည် ။

အောက်ကိုငုံ့ကာ တစ်စုံတစ်ခုကို သည်းကြီးမည်းကြီး အာရုံစိုက်နေသည်မှာ တံခါးဖွင့်သံကို မကြားသည်အထိ ။ အထူးအဆန်း ဖြစ်နေတာကြောင့် ဂျန်းနီ ထိုမိန်းမကို အသေအချာစိုက်ကြည့်မိတော့ အသက်အစိတ်အရွယ်လောက် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိသည် ။ ရွှေရောင်ခပ်ဖျော့ဖျော့ဆံပင်တို့ကို အနက်ရောင်ခေါင်းစည်းကြိုးလေးဖြင့် ချည်နှောင်ထားသည်မှာ ဂျန်းနီမျက်လုံးထဲ တစ်မျိုးတစ်ဖုံ ထူးခြားနေ၏ ။ နီညိုရောင်ဆွယ်တာအင်္ကျီမှ အင်္ကျီလက်တို့ကိုလည်း တံတောင်ဆစ်အထိ ခေါက်တင်ထားပြန်သဖြင့် အထင်းသားဖြစ်နေသော အကြောစိမ်းများနှင့် ထိုဆွယ်တာအောက်က ဖြူ‌ဖွေးနီရဲနေသော သူ့အသားအရေဟာ ဂျန်းနီအား သူ့ကို အကြာကြီး စိုက်ကြည့်နေမိသည်အထိ ဖြစ်စေသည် ။

"ဟယ်လို ကြိုဆိုပါတယ် !"

အသံကြားမှ ဂျန်းနီ သတိပြန်ဝင်လာသဖြင့် ပျာပျာသလဲ ကိုယ်ဟန်ပြောင်းမိတော့ ဂျန်းနီကို အပြုံးတစ်ဝက်ဖြင့် ကြိုဆိုနေသည့် ထိုမိန်းကလေး၏ ချစ်စဖွယ်မျက်နှာနှင့် ဒိန်းခနဲ ရင်ဆိုင်မိလေသည် ။

"ဘာများ လိုချင်ပါသလဲ မဒမ် ။ ဒီဆိုင်မှာ ပန်းချီနဲ့ဆိုင်တဲ့ ပစ္စည်းမှန်သမျှ အကုန်ရပါတယ်"

ကောင်တာမှ ထွက်လာပြီး ဂျန်းနီကို အပြုံးတစ်ဝက်ဖြင့် ရှင်းပြနေသော မိန်းကလေးမျက်နှာဟာ ဂျန်းနီပြောရမည့်စကားတို့အား မေ့လျော့စေသည် ။ "ဟုတ်ကဲ့ ကင်းဗတ်လာဝယ်တာပါ" ဆိုသည့် စကားကို စိတ်ထဲက အကြိမ်ကြိမ် ပြောမိနေသော်လည်း လက်တွေ့တွင်တော့ အချိုးအဆကျကာ မိန်းကလေးတန်မဲ့ အလွန်ကြည့်ကောင်းနေသည့် သူ့မျက်နှာကိုသာ မေ့မေ့လျော့လျော့ စိုက်ကြည့်နေမိသည် ။

Better Than ArtWhere stories live. Discover now