အခန်း (၃)
"ကျွန်မက သီချင်းတွေကို ယုံတယ် ။ သူတို့က အမှတ်တရတွေကို ကိုယ်စားပြုတဲ့ ကျွန်းကလေးတွေနဲ့ တူတယ် ။ လူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ကျွန်းကလေးတွေပေါ့"
🎼
အခုတလောပိုင်း လေယာဉ်ဒီဇိုင်း အင်ဂျင်နီယာမကလေးနှင့် ပန်းချီဆရာမကလေးတို့ တွေ့ချိန်ဟာ ပို၍စိပ်လာသည် ။ ပန်းချီပစ္စည်းဝယ်မှာမလို့ ၊ ပေးစရာရှိလို့ ၊ ကင်းဗတ်လုပ်ခိုင်းချင်လို့ ၊ ပီယာနိုသံ ကောင်းမကောင်း ဆုံးဖြတ်ခိုင်းစေချင်လို့ စသည့်စသည့် အကြောင်းပြချက်များဖြင့် ထိုနှစ်ဦးသည် လပိုင်းအတွင်းမှာပင် အကြိမ်အရေအတွက်များစွာ တွေ့ဆုံစကားစမြည် ပြောနေခဲ့ကြပြီး ဖြစ်သည် ။
တစ်ဦးနှင့်တစ်ဦးလည်း အတော်ရင်းနှီးနေကြပြီ ဖြစ်ပြီး တစ်ခါတရံတွင် နှစ်ယောက်သားသည် ပင်လယ်ကမ်းပါးထိပ်ကလေးတွင် နေရာယူထားသော လမ်းများပေါ်သို့ စက်ဘီးတစ်စီးစီဖြင့် လည်ပတ်တတ်သည် ။ ပန်းဆိုင်တွေ သွားတတ်သည် ။ ဟင်းအတူတူချက်ပြုတ်ကာ ညစာအတူစားတတ်ကြသည် ။ ညစာစားပြီး အင်ဂျင်နီယာမကလေးကပင် ပီယာနို တီးပြတတ်သေး၏ ။ ထို့အပြင် ပန်းချီဆရာမကလေး၏ အခန်းထဲ၌လည်း လေယာဉ်ပုံတွေ ရှိလာသည် ။ လုပ်ပြီးသား ကင်းဗတ်တွေ ပုံလာသည် ။ နှစ်ဦးဟာ စတင်တွေ့ဆုံပြီး လပိုင်းအကြာမှာပင် တစ်ဦး၏နှလုံးသားကို တစ်ဦး မြင်နိုင်လာကြလေသည် ။ အီတလီမြို့ငယ်ကလေးတစ်မြို့သည် မိန်းကလေးနှစ်ယောက်၏ ပုံပြင်တစ်ပုဒ်ကို နွေးထွေးဖွယ် စတင် ရေးဆွဲနေပြီ ဖြစ်သည် ။
"ဂျိန်း"
"ရှင်"
"ဆွဲလက်စက ဘယ်တော့ပြီးမလဲဟင်"
ဆိုဖာကျောမှီပေါ်ကို ခေါင်းတင်နောက်လှန်ရင်း ဂျန်းနီအား ပျင်းရိလေးတွဲနေသည့် အသံဖြင့် မေးလာသည့် ရိုဆန်ဟာ ကလေးတစ်ယောက်နှင့်တူနေသောကြောင့် ဂျန်းနီ စုတ်တံ၏ လှုပ်ရှားမှုကိုပင် ရပ်လိုက်ပြီး ပြုံးရသည် ။
"နာရီဝက်လောက် ရိုဆန်"
ဂျန်းနီ စုတ်တံကို ပြန်လှုပ်ရှားမှုပြုလိုက်ရင်း ဆွဲလက်စထဲ အာရုံပြန်နှစ်လိုက်သည် ။ တစ်အောင့်ကြာတော့ မီးဖိုခန်းဘက်ရောက်နေသည့် သူ့အသံကလေးကို ကြားရပြန်သည် ။