အခန်း (၂)
"တေးသွားတွေဟာ လူ့ဘဝရဲ့ အစိတ်အပိုင်းပဲ ။ နှလုံးသားကို ကိုယ်စားပြုတယ်လေ ။ တစ်နည်းအားဖြင့် အသက်ရှင်သန်နေထိုင်ခြင်း"
🎼
"ဦးလေး ၊ ညီမလေးနဲ့ အတော်မှ အလွမ်းသယ်ခဲ့ရဲ့လား"
"နောက်မနေနဲ့ ကလေးမလေး ။ အန်နာက သူ့ဆီ ဘယ်တော့ပြန်လာမလဲ မေးခိုင်းလိုက်တယ် ။ အမေကို ပစ်ပြီး အလုပ်ချည်းလုပ်နေတာ မကောင်းဘူးနော်"
ရိုဆန် လက်ထဲက ခဲတံကို ပို၍ အားစိုက်ကာ ဖိချလိုက်သည် ။ ဦးလေးစကားတွေဟာ တခြားတစ်ယောက်ဆီက တခြားနေရာတစ်ခုမှာ ဖန်တရာတေအောင် ကြားနေခဲ့ရပြီးသား ဖြစ်၏ ။ ထို့ကြောင့် ရိုဆန် အထူးတလည်လုပ်၍ ပြောမနေတော့ဘဲ ခပ်ဆိတ်ဆိတ်သာ နေလိုက်မိသည် ။
"နွေရာသီကျရင်တော့ တစ်ခေါက်ပြန်လိုက်ပါဦး တူမလေးရယ် ။ အန်နာက မင်းကို ချစ်ရှာပါတယ်"
တာကိုမုန့်ပူပူနွေးနွေးကို ဝါးရင်း ဦးလေးက ဝိုင်ပုလင်းကို ဖွင့်ရင်းမှ ထပ်ပြောလာသည် ။ ဒီတစ်ခေါက်တော့ ရိုဆန် လျစ်လျူရှုလို့ မရတော့တာကြောင့် လေယာဉ်တောင်ပံကို စကေးကိုက်အောင် တွက်နေရင်းမှပင် ခေါင်းညိတ်ပြလိုက်ရသည် ။
"ဒါနဲ့ ဦးလေးမရှိတုန်း ခနခန လာတဲ့ ကောင်မလေး ရှိတယ်မဟုတ်လား အန်း"
"ဟုတ်ကဲ့ ဦးလေး ။ လူကောင်သေးသေးနဲ့ အတော်ချစ်စရာကောင်းတဲ့ ပန်းချီဆရာမလေးလေ"
"အေးစက်စက်လေးဆိုပေမဲ့ ချစ်စရာလေး ဟုတ်တယ်မလား ။ ငါ့တူမလေး မြင်တတ်သားပဲ"
"ဆိုင်က ဦးလေးပဲ ထိုင်တော့မှာမလား"
ဦးလေးက ဝိုင်အနည်းငယ် ငှဲ့ထားသည့်ခွက်ကို သူ့ဘက်တိုးပေးရင်း ခေါင်းညိတ်ပြတော့ ရိုဆန် ထိုဝိုင်ကို တစ်ငုံငုံလိုက်မိသည် ။ ဝမ်းထဲ ရှိန်းတိန်းတိန်းအရည်လေး ဝင်သွားတော့ နေရထိုင်ရတာ သက်သောင့်သက်သာ ဖြစ်လာ၏ ။
"အသက်ကြီးလာပေမဲ့ ဒီတွယ်ငြိစရာလေးရှိနေတော့ ဘဝက နေရတာ အဓိပ္ပာယ်ရှိနေသေးတယ်ကွာ"