ညကောင်းကင် ။

260 32 8
                                    

အခန်း (၅)

"နေ့ဘက်မှာမြင်ရတဲ့ ကောင်းကင်ထက် ညဘက်မှာ မြင်ရတဲ့ ကောင်းကင်ကို ပိုသဘောကျတယ် ။ သူ့မှာ ကြယ်တွေရှိမယ် ၊ အနက်ရောင်နောက်ခံထားပြီး သိပ်လှနေမဲ့ တိမ်စိုင်တွေရှိမယ် ၊ နောက် ကျွန်မရဲ့ စကားပြောဖော် လမင်းကြီး ရှိမယ် ။ ညကောင်းကင်ဟာ ကျွန်မရဲ့ သံစုံတီးဝိုင်းပဲ ဒါလင်"

🌌

"နိုးပြီလား ဟန်နီ"

မျက်လုံးများမှိတ်ထားရင်းက နားထဲသို့ တိုးညင်းစွာဝင်လာသည့် အသံကလေးသည် ဂျန်းနီကို ကျေနပ်စေသည် ။ ထို့နောက် နဖူးနှင့် ဘယ်ဘက်ပါးပြင်ပေါ်ကျရောက်လာသည့် အနမ်းကလေးများသည် ဂျန်းနီကို ပျော်ရွှင်စေသည် ။ မနက်ခင်းသည် လူတစ်ယောက်ရှိနေရုံနှင့်ပင် ကောင်းချီးအပြည့်ဖြစ်လာလိမ့်မည်ဟု ဂျန်းနီ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါ ။ ဆန်းကြယ်ပါသည် ၊ ဒါလင်သည် ဂျန်းနီ သဘောကျသော အနုပညာများကဲ့သို့ နူးညံ့နက်ရှိုင်း၍ ဆန်းကြယ်လှပါသည် ။

"ဒီနေ့ အလုပ်လုပ်မယ်မလား"

ဂျန်းနီ သဘောတကျ ပြုံးလိုက်မိသည် ။ တိုးညင်းစွာပြောနေသော်ငြား ဂျန်းနီနှင့် အနီးကပ်ဆုံး အခြေအနေဖြစ်နေသည့်အတွက် သူ့ဆီက စကားလုံးလေးတွေဟာ သိပ်ကို နားထောင်ကောင်းလှသည် ။ အသံကြိုးတွေကို တုန်ခါစေပြီး ထွက်လာသည့် စကားလုံးလေးတွေ သူ့အာခေါင်ဖျားကို ပွတ်တိုက်သံ ၊ နောက် သူ့လျှာဖျားက လျှောကျလိမ့်ဆင်းလာသံ ၊ မနက်ခင်း၏ တယောသံကလေးပင် ဖြစ်ပါတော့သည် ။

"ကိုယ် ပီယာနို တီးပြမယ်နော် ။ ထတော့ ဟုတ်လား"

ခေါင်းညိတ်ပြလိုက်သည့် ဂျန်းနီအား ရိုဆန်သည် နဖူးကို နောက်တစ်ကြိမ်နမ်းသည် ။ ထို့နောက် ဂျန်းနီမျက်နှာပေါ် ဝေ့ဝဲကျနေသော ဆံပင်များကို ရှင်းလင်းသပ်တင်ပေး၍ နှုတ်ခမ်းကို ဖျပ်ခနဲ နမ်းသည် ။ ရိုဆန့်လက်ချောင်းများသည် ဂျန်းနီ၏ ပါးပြင်နှစ်ဖက်ပေါ်တွင် ဖြစ်သည် ။

"ဘယ်နှယ့်လုပ်မလဲ ၊ ကိုယ် အိပ်ရာမထချင်တော့ဘူး"

"ဟေး အဲဒီလို မရဘူးလေ"

Better Than ArtWhere stories live. Discover now