ဂျီအွန်းက ဘယ်အရာကိုမှ သိမ်းထားရတာမကြိုက်ဘူး။ အထူးသဖြင့်လူတွေကို။ လူတစ်ယောက်ကို သူ့မျက်လုံးထဲ ဘယ်တော့မှ တစ်စက္ကန့်ထက်ပိုပြီး မထည့်ထားတတ်။ လူတွေရဲ့ အရောင်စုံပြီး ရှုပ်ထွေးလှတဲ့ မျက်ဝန်းတွေကို ကြည့်ရှုရမယ့်အစား နှစ်ဆွေးနေတဲ့အမှုတွဲတွေကြားမှာသာခေါင်းပုံစိုက်နေချင်တဲ့သူ။ ဂျီအွန်းရဲ့ ကိုယ်ပိုင်ပေတံနဲ့ တိုင်းတာမှုရလဒ်မှာ လူတွေက မာယာများသည်၊ လောဘကြီးသည်၊ ပြောင်းလဲတတ်သည်။ ပြီးတော့စွန့်ပစ်တတ်သေးသည်။
ဒီလိုမျိုး သဘောထားတွေနဲ့ နေသားကျလာခဲ့သမျှ "ဒါပေမယ့် ဒီလူဆိုရင်တော့" ဆိုတဲ့ ချွင်းချက်ကလေးတစ်ခု သတိမမူလိုက်မိခင်မှာပင် ငြိမ်သက်နေတဲ့ သူ့ဘဝထဲကို ဝင်ရောက်လာသည်။ သူကိုယ်တိုင်ဖွင့်မကြည့်ဖြစ်တဲ့ သီးသန့်နေရာလေးထဲ အဲ့ဒီနာမ်ကလေးက သက်တောင့်သက်သာရှိနေလိုက်တာများ ခံစားချက်တွေ တရေးရေးကြီးထွားလာမှန်းသိရှိသွားချိန်မှာတော့ ကျောခိုင်းပစ်ဖို့နောက်ကျသွားပြီဖြစ်သည်။ မဟုတ်ဘူး ကျောမခိုင်းရက်နိုင်တော့တာ။ အခွင့်အရေးများရှိခဲ့ရင် ရင်ခုန်သံတွေခိုးယူခံလိုက်ရတဲ့ အဖိုးအခအနေနဲ့ မျက်ဝန်းလှလှလေးတွေ ဂျီအွန်းတစ်ယောက်တည်းဆီမှာသာ ဦးတည်နေပါဟု တောင်းဆိုချင်သည်။ အင်း အခွင့်အရေးများရှိခဲ့ရင်ပေါ့။
ဂျီအွန်းက စာတော်တဲ့ထိပ်တန်းကျောင်းသားတစ်ယောက်၊ စေ့စပ်သေချာတဲ့လူတစ်ယောက်၊ ဒါမှမဟုတ် စိတ်မရှည်တဲ့လူတစ်ယောက်၊ စောင့်ရတာကိုမုန်းတဲ့လူတစ်ယောက်ဖြစ်ချင်ဖြစ်မည်။ သို့သော် ဒီရက်ပိုင်းတွေမှာတော့ သူ့ရဲ့ထိုပုံစံတွေပျောက်ဆုံးနေသည်။ စာကြည့်တိုက်ရောက်နေရမယ့်အချိန်မှာ မက်သရူးနောက်ကိုလိုက်နေမိသည်။ ဒါပေမယ့် တိတ်တိတ်လေး။ အနားသွားပြီး မျက်နှာပြဖို့ သတ္တိတွေ ပမာဏဘယ်လောက်လိုနေသေးတာလဲ ချိန်ဆလို့မရ။ ဒီနေရာမှာ သူဖတ်ထားသမျှစာတွေက စောက်ကျိုးနည်းစွာ လူတစ်ယောက်ကိုသဘောကျသွားရင် အသုံးချလို့ရမယ့်နည်းလမ်း တစ်ခုလေးတောင်ရှိမနေဘူး။ ညနေတိုင်း ဘတ်စ်ကားပေါ်မတက်သွားမချင်း ခပ်လှမ်းလှမ်းက ငေးမိသည်။