နားစည်ထဲကိုရိုက်ခတ်လာသည့် စကားလုံးတစ်ချို့ကြောင့် လွန်ခဲ့တဲ့စက္ကန့်ပိုင်းအထိ မှေးစက်နေသေးတဲ့ မက်သရူးရဲ့မျက်လုံးအိမ်တွေက လိုတာထက်ပိုကျယ်သွားပြီး အာရုံခံရာ အစိတ်အပိုင်းတွေမှာ ထိတ်လန့်မှုအနည်းငယ် ဝင်ရောက်လာသည်။ မဝံ့မရဲစိတ်ကိုအနိုင်ယူပြီး မော့ကြည့်လိုက်တော့ သူ့မျက်နှာနဲ့ စင်တီမီတာအနည်းငယ်အကွာလောက်မှာသာ ရှိနေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
ဒီရက်ပိုင်းတွေထဲ မက်သရူး ပတ်ဝန်းကျင်မှာ ခပ်စိပ်စိပ်တွေ့နေရတဲ့လူ။ မထင်မှတ်ထားတဲ့အချိန်မှာ လေပွေတွေလို အသိမပေးဘဲ ရောက်ရောက်လာတတ်တာ အခုလည်းထိုနည်းတူစွာ။
ဒါနဲ့ဘာလို့ မက်သရူး အိမ်ထဲရောက်နေရတာလဲ။ မဟုတ်မှ နောက်တစ်ခါထပ်တွေ့မယ်ပြောထားတော့ လက်အိတ်ပြန်လာတောင်းတာများလား။ လောလောလတ်လတ်မှ နိုးထခြင်းဆီအပြည့်အဝရောက်သော မက်သရူး ဦးနှောက်က သူစိမ်းတစ်ယောက်အိမ်ထဲရောက်နေခြင်းကို ထိုမျှလောက်သာတွေးနိုင်သေးသည်။ သူလုံလုံလောက်လောက် အိပ်ရေးဝသေးတာမဟုတ်ဘူးလေ။
"မက်ချူးဟျောင်း၊ ဂျီအွန်းဟျောင်း"
တိတ်ဆိတ်နေသောအခြေအနေကို ဂယူ့ရဲ့အသံဆာဆာက ဖြိုခွင်းပစ်၏။ ထိုအခါမှ မက်သရူးရဲ့ လက်တွေတစ်ဖက်လူထံမှ မခွါရသေးမှန်း သတိထားမိပြီး အလျင်အမြန်ပင်လွှတ်လိုက်ပြီး ခြေလှမ်းနှစ်လှမ်းလောက်ပါ ပြန်ဆုတ်မိသည်။
"ဟျောင်းတို့ ဘာဖြစ်နေကြတာလဲ"
ဂယူကစိတ်ပူသလိုမေးလာသည်။
မက်သရူး အခုမှ အခြေအနေကို တဖြည်းဖြည်းသဘောပေါက်လာသည်။ ဂယူ့ဆီလာတဲ့ဧည့်သည်ကို မက်သရူးကသူ့ဆီလာတာဟု လိုရာဆွဲတွေးလိုက်မိတာပဲ။ လက်အိတ်လာတောင်းတာလားဟု မမေးလိုက်မိတာ တော်ပါသေးတယ်။ မဟုတ်ရင် ဆော့မက်သရူးတို့ အစကတည်းက ကွဲပြီးသား အရှက်တွေ အရှက်ပေါ်အရှက်ဆင့်ပြီး အငွေ့ပျံလိုက်လို့တောင်ရပြီ။ အခုတောင် ဘယ်သူ့ကိုမှ မက်သရူးမကြည့်ရဲသေး။