ညကကျောင်းမှာအဖွဲ့လိုက် ပရောဂျက်တစ်ခု လုပ်စရာရှိတာနဲ့ infoတွေရှာရင်း ညဉ့်နှက်သွားတော့ ဒီမနက်ခေါင်းကမကြည်။ အတန်းမစခင် တစ်ခါတရံ စာကြည့်တိုက်ကိုဝင်လေ့ရှိတဲ့ ဂျီအွန်းအတွက် ဒီမနက်တော့ စာဖတ်နိုင်ရန် ကော်ဖီတစ်ခွက်အကူလိုနေပြီဖြစ်သည်။ ဘေးဘီဝဲယာကိုတစ်ချက်မျက်လုံးကစားကြည့်လိုက်တော့ ကော်ဖီဆိုင်ကသိပ်မရှာလိုက်ရပါ။
ရှာတွေ့တာ ကော်ဖီဆိုင်တင်မဟုတ်ဘဲ နှစ်ပတ်ကျော်လောက်လသူတိတ်တိတ်လေးမျှော်နေမိတဲ့ တစ်စုံတစ်ယောက်ကိုပါ မမျှော်လင့်ထားတဲ့ နေရာမှာ တွေ့လိုက်ရသည်။ ဆိုင်ထဲ တော်ရုံနဲ့မဝင်နိုင်ဘဲ မျက်ဝန်းတစ်စုံရဲ့ ဦးတည်ချက်က မှန်တံခါးကနေမြင်နေရတဲ့ ပုံရိပ်တစ်ခုဆီမှာသာ အတန်ကြာသည်အထိ။
ထပ်ပြီး၊ ထပ်ပြီးတော့ စိတ်ဝိဉာဉ်တွေ ညို့ယူခံလိုက်ရပြန်သည်။ ဆော့မက်သရူး မင်းကတကယ်ဘာလဲကွာ။
ဆိုင်ထဲဝင်ပြီး အမေရိကာနိုတစ်ခွက်မှာလိုက်တော့ "ဟုတ်ကဲ့" တစ်လုံးသာပြောပြီး အကြည့်လေးတစ်ချက်တောင်ကမ်းမပေးပါ။ သူ့မှာသာ ထိုကောင်လေးရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကိုလိုက်ကြည့်ပြီး အတွေးပေါင်းစုံနဲ့ ခေါင်းထဲ question mark တွေပေါ်လာသည်။
(နေမကောင်းတဲ့ပုံလဲမပေါ်ဘဲဘာလို့ ဘားကိုမလာတော့တာလဲ?)
(ထွက်လိုက်တာများလား?)
(နောက်တစ်နေရာပြောင်းသွားတာလား?)
(အလုပ်သစ်ရသွားလို့ သီချင်းမဆိုတော့တာများလား?)
"ဧည့်သည်မှာထားတဲ့ အိုက်စ်အမေရိကာနိုတစ်ခွက်ရပါပြီဗျ"
အတွေးလွန်နေတုန်း ရုတ်တရက် စားပွဲကိုခေါက်ပြီး ပြောလာတဲ့ကောင်လေးကြောင့် သူ့စိတ်ထဲသိချင်နေတာတွေက စကားလုံးတွေအဖြစ်အပြင်ကိုထွက်ကျလာသည်။
"ဘာလို့ဆိုင်ကို သီချင်းလာမဆိုတော့တာလဲ"
ပြောချင်ရာပြောပြီး အခုမှ ဂျီအွန်း အာရုံတွေ လက်ရှိအချိန်ကိုပြန်ရောက်တော့သည်။ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ သူ့ကိုတအံ့တဩကြည့်နေတဲ့ကောင်လေးကို မြင်လိုက်တော့ ထူးဆန်းသည့် အခြေအနေကြားက ရုန်းထွက်ရန် အဆင်ပြေမည့် စကားလုံးတွေ အမြန်ရွေးရပြန်သည်။ ပထမဆုံးစကားပြောဆိုမှုမှာ ဘယ်လိုတောင်ကြောင်တောင်တောင်နိုင်နေပါလိမ့်။