Chapter - 1

327 31 0
                                    

ကျစ်!!!

တစ်နေ့တာရဲ့ မနက်ခင်းပိုင်းလေးပဲရှိသေးပေမယ့် ဂျီအွန်းအတွက်တော့ မိုးလင်းကတည်းက ကမောက်ကမနဲ့ ကံဆိုးတဲ့နေ့တစ်နေ့အနေနဲ့ စတင်ခဲ့သည်။

ပုံမှန်ကျောင်းကို စက်ဘီးနဲ့ သွားနေကျပေမယ့် အတန်းမစခင် စာကြည့်တိုက် ဝင်ချင်သေးတာကြောင့် စောစောထွက်လာတဲ့နေ့ကျမှ လမ်းတစ်ဝက်မှာ စက်ဘီးကပျက်သွားသည်။ မဖြစ်မနေပြင်ဆိုင်ပို့ရမည့် အခြေအနေကိုရောက်သွားတော့ စက်ဘီးကိုဆိုင်မှာအပ်ခဲ့ပြီး ဘတ်စ်ကားမှီအောင်ပြေးရတဲ့ မိနစ်ပိုင်းတွေက တကယ်ကိုဖရိုဖရဲနဲ့ စိတ်ရှုပ်စရာကောင်းလှပြီကို ကားပေါ်မှ လူကြပ်သိပ်နေတဲ့မြင်ကွင်းက ဂျီအွန်း၏စိတ်အခြေအနေကို လုံးဝအနုတ်ဘက်ကိုရောက်သွားစေသည်။

အာရုံတစ်ခုလုံးနောက်ကျိနေသော်လည်း သေချာဂရုတစိုက်ကြည့်မှမြင်နိုင်သော စုကျုံ့ထားတဲ့ မျက်ခုံးတန်းနှစ်ခုကလွဲလျှင် အပြင်ပန်းတွင်တော့ ရေပြင်ညီလို တသမတ်တည်းဖြစ်နေတဲ့ သေသေသပ်သပ်မျက်နှာအနေအထားက အမြဲတမ်းဘာခံစားချက်မှမပြခဲ့သည့်အတိုင်း မပြောင်းမလဲရှိနေဆဲပင်။

ကားပေါ်ရောက်ပြီး ခဏအကြာတွင် အနားကလူဆင်းသွား၍လွတ်နေသောထိုင်ခုံနေရာမှာ ဝင်ထိုင်လိုက်မှသာ မွန်းကြပ်မှုတွေအနည်းငယ်ပြေလျော့သည်။ အတန်းချိန်နီးနေပြီဖြစ်တာကြောင့် စာကြည့်တိုက်ဝင်မည့်အစီအစဉ်ကအလိုလိုပင်ပျက်သွားပြီဖြစ်သည်။

ဟိုတွေးသည်တွေးနှင့် ပြန့်ကျဲနေသောအတွေးစတွေက မျက်လုံးအစွန်းထဲဝင်လာသော တစ်စုံတစ်ခုကြောင့် တိခနဲရပ်တန့်သွားသည်။ ရှင်းရှင်းလင်းလင်းမြင်ရစေရန် အနည်းငယ်ခေါင်းစောင်းလိုက်တော့ မျက်လုံးမှိတ်ထားတာကြောင့် သိသိသာသာမြင်နေရတဲ့ မျက်တောင်စိပ်စိပ်တွေရယ်၊ ခပ်ပြေပြေ မျက်ခုံးတန်းနှစ်ခုရယ်၊ နှုတ်ခမ်းထောင့် အထက်နားလောက်က မှဲ့လေးတွေရယ်၊ မျက်ဝန်းထောင့်နားက မှဲ့လေးရယ်က ခဏလေးအတွင်းမှာ ဂျီအွန်း၏ အာရုံတွေကိုဖမ်းစားသွားသည်။

ခုနကအထိ မြင်ကွင်းထဲရောက်လာသော အရာရာတိုင်းက အလိုမကျချင်စရာတွေချည်း ဖြစ်နေပေမယ့် အခုချိိန်မှာတော့ ဘေးတိုက်မြင်နေရတဲ့ မျက်နှာကိုသာအကြောင်းပြချက်မရှိဘဲ ငေးနေမိတာ ရုတ်တရုတ်ပါပင်။ ပြတင်းပေါက်ကို ဖောက်ထွင်းပြီး ဖြာကျနေတဲ့နေရောင်ခြည်က အိပ်နေသူ၏ မျက်နှာကိုအနှောက်အယှက်ပေးလာချိန်မှာတော့ အလိုလိုမြှောက်တက်သွားမိတဲ့လက်က ကိုယ့်ဟာကိုယ် ဘာတွေလုပ်မိနေမှန်း နားမလည်နိုင်ဖြစ်စေသည်။ သို့သော် တစ်ဖက်လူ၏ မျက်နှာအနားမှ လက်ကိုတော့ပြန်မချမိ။ နည်းနည်းလောက် အနှောက်အယှက်ကင်းကင်းနဲ့ အိပ်ရေးဝသွားတော့လဲ မဆိုးပါဘူး။

ApricityWhere stories live. Discover now