P - 1 ( Uni+Zaw)

6.5K 137 8
                                    

🔰 The bum 🔰
Part - 1

အင်္ဂလန်နိုင်ငံ.....ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ထူထောင်ရေးများ ပြီးစီးခါစ အချိန်ကာလ။

ပင်းနိုင်းတောင်တန်းကြီးကို မစ္စကရော့ဖဲက ငေးစိုက်ကြည့်ရင်းမှ နှင်းမှုန်တွေကြားထဲ အတန်ကြာရပ်ကာ ​ပတ်ဝန်းကျင်ကို အကဲခတ်နေမိသည်။ ဒီနားမှာ အိမ်ခြေသိပ်မရှိပဲ ခပ်လှမ်းလှမ်းမှာ အိမ်အိုကြီးတစ်လုံးကိုသာ နှင်းမှူန်တွေကြားထဲ မသဲမကွဲ လှမ်းမြင်နေရသည်။

" မစ္စကရော့ဖဲ......အိမ်ထဲဝင်ပါ။ အပြင်မှာ နှင်းတွေ သိပ်ကျနေတယ်။ ပြည်မကြီးက လာတဲ့သူတွေက ဒီနှင်းဒဏ်ခံနိုင်မှာ မဟုတ်ဘူး။ "

မြင်းကုန်းနှီးပေါ်မှ သူမ အဝတ်ထုပ်ကို ဆွဲချသယ်လာသည့် အက်ဘီက လှမ်းသတိပေးလိုက်သံပင်။ အက်ဘီက သူ အခုဝယ်လိုက်သည့် အိမ်ကြီးမှာ နေတာ ငယ်စဥ်ထဲကပင်။ အက်ဘီ့အဖေက သူမ အမျိုးသား ဟာလေကရော့ဖဲ အမေ၏ လူယုံပဲ ဖြစ်သလို ကျန်းမာရေးကြောင့် အနားလာယူသည့် သူမ အတွက်လဲ အက်ဘီနဲ့ သူ၏ဇနီး မစ္စမွန်နာအက်ဘီက တာဝန်ယူပေးမှာပင်။ ​အမေ နဲ့ သူတို့ကတော့ အင်္ဂလန်မှာပဲ နေသလို နန်းတော်မှာ အမှုထမ်းကြသူတွေမို့ သိပ်မအားပေ။

အိမ်ထဲဝင်လာခဲ့သည်နှင့် မီးဖိုမှ အနွေးဓာတ်ကို ခံစားလိုက်ရသည်။ နွေးထွေးသွားပြီမို့ ကိုယ်ပေါ်ထပ်ဝတ်ထားသည့် သားမွှေးဝတ်ရုံရှည်ကို ချွတ်ရန်ပြင်တော့ မွန်နာက လာကူချွတ်ပေးကာ အင်္ကျီချိတ်သည့်နေရာတွင် ချိတ်ထားပေးလိုက်သည်။

" ခရီးဝေးကလာရတာ ပင်ပန်းရောပေါ့ မစ္စကရော့ဖဲ။ အဆာပြေ ကော်ဖီနဲ့ကိတ်မုန့်လေး အရင်စားပြီး နားလိုက်ပါ။ မစ္စကရော့ဖဲအခန်းကိုလဲ သေချာပြင်ထားပေးပါတယ်။ "

မွန်နာအက်ဘီ၏ ပုံစံက အရပ်ပုပုကိုမှ ကိုယ်ခန္ဓာက ပြည့်ပြည့်ဖြင့် သွက်သွက်လက်လက်ရှိလွန်းသည်မို့ သဘောကျသွားရသည်။ ထမင်းစားခန်းထဲ ဝင်လာတော့ သပ်ရပ်နေသလို အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီနံ့က မွှေးလွန်းနေသည်။ တကယ်လဲ ဝမ်းထဲဟာနေသည်မို့ စားသောက်ပြီးစီးသည်နှင့် အပေါ်ထပ်တက်လာခဲ့သည်။

The bumWhere stories live. Discover now