P - 2 (21/Dec)

1K 57 6
                                    

🔰 The bum 🔰
Part - 2

မစ္စကရော့ဖဲသည် မွန်နာအက်ဘီကို ကရှ်ချူးခြံဝန်းကြီးမှ မစ္စတာဘမ် နဲ့ မစ္စဘမ်တို့အကြောင်း တတွတ်တွတ် မေးမြန်းခဲ့သည်။ ရှောင်လွှဲ၍သာနေသဖြင့် မစ္စကရော့ဖဲ၏ မေးခွန်းတွေသည် အက်ဘီဆီသာ ရောက်သွားခဲ့သည်။ မွန်နာ မွေးမြူရေးခြံသွားကာ နွားနို့သွားဝယ်တုန်း မစ္စကရော့ဖဲသည် အိမ်ထဲရှိ မီးဖိုနားထိုင်ကာ မီးရှိန်ညှိနေသည့် အက်ဘီအနား မယောင်မလည် ရောက်လာခဲ့သည်။ အက်ဘီ၏ ပုံစံမှာ ထွားကျိုင်းသလို အရပ်က မရှည်လွန်း၊မပုလွန်းပေ။

" အက်ဘီ...မွန်နာက ဘာကြောင့် မစ္စဘမ်အကြောင်းကို မေးလို့မရတာလဲ။ "

အက်ဘီက မစ္စကရော့ဖဲကို ငဲ့ကြည့်လာ၏။

" ဗစ်တိုးရီးယားဟာ သူ့တပည့်ပဲ မစ္စကရော့ဖဲ။ မွန်နာက စန္ဒယားတီးတာ တော်တယ်။ ဒီနားကမြို့က လူချမ်းသာကလေးတွေ မွန်နာ့ဆီပဲ စန္ဒယားသင်ကြတာ။ မစ္စဘမ်လဲ အတူတူပဲ။ သူ့အချစ်ဆုံး တပည့်မရဲ့ ဇာတ်လမ်းကို သူအသိဆုံးပဲလေ။ ဒါကြောင့် သနားလွန်းလို့ မပြောပြချင်တာထင်ပါရဲ့။ "

မစ္စကရော့ဖဲအတွက် ပိုစိတ်ဝင်စားသွားရသည်။

" ကျွန်မကို ရှင် သိသလောက် ပြောပြနိုင်မလား အက်ဘီ။ "

အက်ဘီက မစ္စကရော့ဖဲကို သေချာအကဲခတ်လိုက်မိသည်။ ဒီဇာတ်လမ်းကို သိပ်စိတ်ဝင်စားကာ သိချင်စိတ်ပြင်းပြနေပုံအား အထင်းသားမြင်နေရ၏။ မွန်နာ ပြန်မလာခင် အနည်းအကျဥ်း ပြောပြရန် ဆုံးဖြတ်လိုက်ပြီးသည့်နောက်မှာထရပ်၍ မီးဖိုခန်းထဲဝင်သွားကာ ပြန်ထွက်လာတော့ ခပ်နွမ်းနွမ်းဓာတ်ပုံလေးတစ်ပုံပါလာသည်။ ထောင့်စွန်းနားလေးက ပြတ်နေသလို အဖြူအမဲဓာတ်ပုံမို့ အရောင်မပါချေ။

" ကြည့်ကြည့်ပါ မစ္စကရော့ဖဲ။ "

မစ္စကရော့ဖဲသည် ဟောင်းလွန်းသည့်ဓာတ်ပုံလေးအား မပြဲအောင် ဂရုစိုက်ကာ လှမ်းယူလိုက်သည်။ ဓာတ်ပုံထဲတွင် ကျောင်းဝတ်စုံဆင်တူဖြင့် မိန်းကလေးသုံးယောက်နဲ့ယောကျာ်းလေးနှစ်ယောက်၊ စုစုပေါင်း ငါးယောက်ရှိသည်။ ကောင်လေးနှစ်ယောက်က ကလေးမလေးသုံးယောက်၏ နောက်ပါးတွင်ရပ်ကာ ရှိနေကြသည်။

The bumWhere stories live. Discover now