'ဒီတိုင်းတော့ အပြင်မှာလျှောက်မနေပါနဲ့wonwooရယ်။ အဆင်ပြေတဲ့ နေရာတစ်ခုခုကို တီလေးစီစဉ်ပေးပါ့မယ်'
'ကျွန်တော်ကလေးမဟုတ်တော့ပါဘူးတီလေးရာ။ အသက်ပဲ 21ရှိနေပြီ ကိုယ့်ဟာကိုယ်နေနိုင်နေပါပြီ'
သူအိမ်ပြောင်းတော့မည်ဆိုကတည်းက တီလေးကသူ့အခန်းထဲထိဝင်ပြီး နေ့တိုင်းနားချနေတာဖြစ်သည်။
အဖေနဲ့လည်းမနေချင်၊ အဖွားနဲ့လည်းမနေချင်တော့တဲ့ wonwooအဖို့ ရွေးချယ်စရာက တစ်ယောက်ထဲ အိမ်ငှားနေခြင်းသာရှိတော့သည်။
အခုလည်းအထုတ်ပိုးတွေပြင်နေတုန်း wonwooအခန်းထဲရောက်လာပြီး သူကပစ္စည်းတွေကောက်ထည့်လိုက် တီလေးကပြန်ထုတ်ပြီး နေရာမှာသွားထားလိုက်ဖြင့် သံသရာလည်နေသည်။
'နင့်ဟာနင်အသက်ဘယ်လောက်ရှိရှိ၊ နင့်ကိုငါထိန်းခဲ့ရတာ ငါ့အတွက်တော့ ကလေးလိုပဲဟဲ့။ နေပါဦး ခဏလေး ငါ့သူငယ်ချင်းကိုမေးဦးမယ်'
ပြောပြောဆိုဆိုဖြင့် တီလေးကဖုန်းဖွင့်ပြီး တစ်ယောက်ယောက်ဆီဖုန်းခေါ်လေတော့သည်။
wonwooလည်းပြောမရသည်မို့ လွှတ်ထားပေးလိုက်သည်။ ငယ်ငယ်ထဲက အဒေါ်ဆိုလည်းဟုတ်၊ ကစားဖော်ဆိုလည်းဟုတ်သည်မို့ တီလေးကိုတော့ တခြားလူကြီးတွေအကုန်လုံးထက်ပိုပြီးရင်းနှီးသည်။ ပြီးတော့လည်း သူ့အပေါ်မှာ တီလေးတစ်ယောက်ထဲကသာ ဂရုတစိုက်ရှိလှသည်ပင်။
'အေး mingyuရယ် ငါ့ကိုတစ်ခုကူညီပါဦး'
ကျောင်းအတွက်လိုအပ်မယ့် စာရွက်စာတမ်းတွေသိမ်းဆည်းနေတုန်း တီလေးဆီကအသံထပ်ထွက်လာသည်။
'နင်ကလည်း ငါ့ကိစ္စမဟုတ်ပါဘူးဟ။ အော်မယ်ဆိုတာချည်းပဲ။ အခုပြောမှာ ငါ့တူလေးကိစ္စ'
ထိုအခါ တီလေးရဲ့အင်္ကျီစကိုလှမ်းဆွဲပြီး ဆက်မပြောဖို့အတွက် wonwooအသံတိတ်ဖြင့် လက်ဟန်ခြေဟန်ပြရင်းပြောလိုက်သည်။
သူလှမ်းဆွဲသည်အား တီလေးက*အသာနေစမ်းပါ*ဟူသည့်သဘောဖြင့် လက်နဲ့ပြန်ပုတ်ထုတ်လေသည်။
'ကလေးက အမေနဲ့စကားနည်းနည်းများပြီး အိမ်ပေါ်ကဆင်းဖို့လုပ်နေလို့။ အဲ့တာနင့်တိုက်ခန်းမှာ ရက်နည်းနည်းလောက်ခေါ်ထားပေးပါလားလို့ပြောမလို့'