semester တဖြတ်ပြီးသွားပြီဖြစ်၍ တက္ကသိုလ်များ၏ ကျောင်းပိတ်ရက်တွေသည်လည်း အလျင်အမြန်ပဲ ရောက်လာခဲ့သည်။
လက်တလောတွင် အလုပ်မရှိသဖြင့် ပျင်းရိနေရှာတဲ့ wonwooကတော့ seungkwanရဲ့ cafèတွင်သောင်တင်နေခဲ့တာ ရက်အနည်းငယ်ပင်ရှိနေပြီဖြစ်သည်။
ပုံမှန်ဆို အိမ်ထဲအောင်းတတ်တဲ့အကျင့်ရှိသည်ဆိုပေမယ့် ဆိုင်သူမရှိဘဲလစ်လပ်နေတဲ့အိမ်ထဲ သူတစ်ယောက်ထဲနေရတာကိုတော့ မနှစ်မြို့ပါ။
မျက်စိရှေ့က ဖုန်းကိုကြည့်ရင်း wonwooသက်ပြင်းဖွဖွချမိပြန်သည်။ မျှော်လင့်နေသူသည် အမှန်တကယ် အဆက်သွယ်မလုပ်ခဲ့ပေ။ သူ့ဘက်ကလည်း မလုပ်ဘူးဆိုပေမယ့်ပေါ့။
'အဆင်ပြေရဲ့လား'
seungkwanရဲ့အမေးပင်။
ဘေးမှာလာဝင်ထိုင်တဲ့ seungkwanဆီကို အကြည့်တချက်သာပေးဖြစ်လိုက်ပြီးနောက် ဘယ်လိုအဖြေမျိုး ပြန်ဖြေရမှန်းမသိတာမို့ wonwooနှုတ်ဆိတ်၍သာနေမိ၏။
သူက အဆင်မပြေတဲ့ပုံပေါက်နေလို့လား။
'ဒီရက်ထဲ မင်းအတွေးများနေသလိုပဲ။ ခါတိုင်းလိုပုံစံနဲ့လည်းမဟုတ်တော့ အိမ်ကိစ္စမဟုတ်ဘဲ တခြားတစ်ခုလား'
ဆိုင်အပြင်ဘက်ကို ကြောင်စီစီနဲ့ကြည့်ရင်း ငေးမောနေရာမှ wonwooခေါင်းငြိမ့်ပြလိုက်ရသည်။
သူ့ဘက်က အဖြေကိုမရတော့ seungkwanကပဲ စကားဆက်လာပြန်သည်။'မင်း...ငါ့ကိုပြောပြချင်လား'
ဒီလိုအရာကို ဘယ်လိုပုံစံခေါင်းစဉ်တပ်ရပါ့မလဲ။ wonwooမတွေးတတ်။ သူ့ရင်ခုန်သံတွေကို သူကိုယ်တိုင်ပင်နားမလည်သေးပေ။ အဲ့တာအပြင် အခုလက်ရှိသူခံစားနေရတာက ဘယ်လိုခံစားချက်မျိုးလဲဆိုတာကို သူတကယ်မရှင်းပြတတ်ပါချေ။
လွမ်းနေသည်ဟုဆိုရအောင်လည်း သူနဲ့ထိုလူဟာ ဘာမှမသက်ဆိုင်ပေဘူးမဟုတ်လား။ ထို့ကြောင့် ခေါင်းကိုဖြည်းညှင်းစွာ ခါလိုက်ရင်း,
'စိတ်ထဲမထားပါနဲ့။ အဲ့တာက..ဘယ်လိုပြောပြရမလဲ ငါလည်းမသိဘူး။ ဒါပေမဲ့ မင်းကိုတမင်ကြီးမပြောပြချင်လို့တော့မဟုတ်ဘူး။ ဒီတိုင်း ငါ့အတွက်ဖော်ပြဖို့စကားလုံးရှာမရရုံပဲ'