(၃)

4.5K 298 11
                                    

[အနိုင်ကျင့်ခံရသည့်ရှင်ဘုရင်]

ခမ်းနားကျယ်ပြန့်လှသော အဆောင်တော်ကြီးအတွင်း၌ ရွှေအိုရောင်တဖိတ်ဖိတ်တောက်ပနေသော ပုလ္လင်ကြီးတစ်ခုရှိပေ၏။ ထိုပုလ္လင်ထက်၌ အေးချမ်းတည်ငြိမ်စွာထိုင်နေသော ပုဂ္ဂိုလ်က ခပ်ထူထူမျက်ခုံးများနှင့် ဖြောင့်စင်းသောနှာတံကိုပိုင်ဆိုင်ပေသည်။ ကြောက်မက်ဖွယ်ဖိအားက ထိုလူ၏ဘေးပတ်လည်တွင်ရှိနေပြီး ဘုရင်တစ်ပါး၏အရှိန်အဝါများထင်ဟပ်နေ၏။

ထိုသူသည်ကား ပိုင်လီထျန်းပင်။

သူ့အောက်တွင်လည်း အမတ်အချို့ရှိနေပြီး ၎င်းတို့တင်ပြရမည့်အချက်အလက်များကို တစ်ဦးချင်းစီလျှောက်တင်နေကြ၏။ ပိုင်လီထျန်း ထိုသူများကို သေချာစွာအကဲခတ်ပြီးသည့်အခါတွင်တော့ ရာထူးများအလိုက် လူများကိုခွဲခြားမှတ်သားနိုင်သွားပြီဖြစ်သည်။ မနေ့ညကတစ်ညလုံးသူစာအုပ်ဖတ်နေသည်ကအကျိုးရှိသွားသည်ဟုပြောရမည်။ မဟုတ်ပါက အခုချိန် အမတ်ကြီးများတင်ပြနေသည့်ကိစ္စများကို ပိုင်လီထျန်းတစ်ခုတောင်နားလည်မည်မဟုတ်ပါချေ။

စိတ်ဝင်တစားနားထောင်ရင်း ဖြစ်သင့်သည်များကိုခွင့်ပြုတံဆိပ်တုံးရိုက်နှိပ်၍ အချို့မသေချာသေးသည့်ကိစ္စများကိုတော့ သူပြန်လေ့လာနိုင်ရန် ခေတ္တဆိုင်းငံ့ထားလိုက်၏။

တကယ်တမ်း ညီလာခံအစည်းအဝေးက ထင်သလောက်တော့ ဖိအားမများပါချေ။ ကျုန်းလိတိုင်းပြည်အတွင်း ပြသနာများများစားစားမရှိသလို လက်ရှိအခြေအနေအရ မည်သည်ကိုမျှတွေးပူနေစရာမလိုသည့်အခြေအနေမျိုးပင်။ စိုက်ပျိုးထွက်ကုန်များကလည်း သူ့အခြေအနေနှင့်သူ ကောင်းမွန်စွာလည်ပတ်လျက်ရှိသည်ဟုဆို၏။ ထို့ကြောင့် ပိုင်လီထျန်းလည်းတစ်ခေါက်လောက်သွားကြည့်ဖို့ ဆုံးဖြတ်ထားသေးသည်။

"အရှင်မင်းကြီး...ကျွန်တော်မျိုးလျှောက်တင်စရာရှိပါတယ်"

အနောက်တွင်တစ်ချိန်လုံးရပ်နေသည့် စစ်သေနာပတိကြီးဖန်းထံမှ အသံထွက်လာသည်မို့ ပိုင်လီထျန်းတစ်ချက်လှမ်းကြည့်လိုက်သည်။ စစ်သေနာပတိဖန်းမှာ ကျုန်းလိပြည်တစ်ခုလုံး၏ စစ်တပ်အင်အားကိုထိန်းချုပ်ရသူဖြစ်ပြီး အရေးပါအရာရောက်သူဆိုလည်းမမှားပေ။ ၄င်းအသက် ၄၀ ကျော်သည်အထိ တိုင်းပြည်အပေါ်သစ္စာစောင့်သိ၍ တိုက်ပွဲတိုင်းကိုအရှုံးမရှိအောင်နိုင်ခဲ့သည့် အရည်အချင်းရှိသူဟုပြောရမည်။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now