တစ်ပင်လုံးပန်းရောင်လွှမ်းအောင်ပွင့်နေကြတဲ့ချယ်ရီပန်းတွေက ညနေဆည်းဆာကောင်းကင်ကြီးအောက်မှာ ပိုပြီးတော့တောင် လှနေကြသေးသည် တစ်စက္ကန့်ကို 5 cm နှုန်းကြွေကျတတ်တဲ့ ချယ်ရီပန်းပွင့်ဖတ်လေးတွေကလည်း လေနုအေးအေးကြောင့် တဝေ့ဝေ့ကြွေကျနေလိုက်များ လျှောက်လမ်းတစ်လျှောက်မှာ ပန်းပွင့်ဖတ်လေးတွေ အပြည့် ။ တစ်ယောက်နဲ့တစ်ယောက်လက်ချင်းတွဲပြီး အချစ်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ လမ်းလျှောက်နေကြတဲ့ ချစ်သူစုံတွဲတွေကိုကြည့်ရင်း ဂယူဘင်းမှာလည်း ကိုယ့်အတွေးနဲ့ကိုယ် ယောက်ယက်ခတ်နေရသည် လျှောက်လမ်းက အရမ်းကြီးမကျဉ်းပေမယ့် အခုတော့ ပန်းလာကြည့်တဲ့လူတွေနဲ့ပြည့်နေတာမို့ လူနှစ်ယောက်ယှဉ်ရပ်လိုက်ရင် လုံးဝကို ပူးပူးကပ်ကပ်ဖြစ်သွားတဲ့ အနေအထား ။ သူနဲ့ယူဂျင်းကလည်း အတူတူယှဉ်ပြီးလျှောက်နေကြတာမို့ တစ်ချက်တစ်ချက် လူတိုးလာတိုင်း သူ့ဘက်ယိမ်းလာတတ်တဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ထားချင်စိတ်က ထိန်းမရ ဒါ့အပြင် အင်္ကျီလက်ထဲမြှုတ်နေတဲ့ လက်သေးသေးလေးကို ဆွဲကိုင်ချင်စိတ်ကလည်း 1 မိနစ် တစ်ခါလောက် ပေါ်လာနေတာမို့ ဘေးက မျက်နှာလေးကို တစ်ချက်ခိုးကြည့်လိုက် သက်ပြင်းချလိုက်ပဲလုပ်နေရသည်
သူကသာ ယောက်ယတ်ခတ်နေပေမယ့် နဂိုထဲက လူများတဲ့နေရာတွေသိပ်မသွားတတ်တဲ့ ယူဂျင်းကတော့ အပြုံးအရယ်မရှိတဲ့ မျက်နှာလေးဖြစ်နေတာမို့ ခေါ်လာခဲ့တာများမှားပြီလားလို့တွေးလိုက်မိသေးသည် ဒါပေမယ့် မပျော်လို့မဟုတ်ဘူးဆိုပြီးလည်း ပြောခဲ့သေးတာမို့ ဘာဖြစ်လို့လဲ စဉ်းစားမရ ဟန်ယူဂျင်းလေးက နည်းနည်းတော့ နားလည်ရခက်နေပါရဲ့
လူနည်းနည်းရှင်းတဲ့နေရာရောက်တဲ့အခါမှာတော့ လမ်းလျှောက်လာတာလည်း ကြာနေပြီမို့ နှစ်ယောက်သား ချယ်ရီပင်အောက်က ခုံတန်းလေးမှာ ဝင်ထိုင်ဖြစ်ကြသည်
"ဟျောင်း"
"အင်း"
"ဒီချယ်ရီပန်းတွေက ပန်းရောင်ဟုတ်တယ်မလား"
"အင်း အပန်းဖျော့ဖျော့အရောင်လေးတွေလေ"
"အပန်းဖျော့ဖျော့ .... အဲ့ဒါက ပန်းရောင်နဲ့ကျဘာကွာတာလဲ ပြီးတော့ အဖြူရောင်နဲ့ရောတူလား"
