Warning ⚠ : Mature Contents ( 18+)
Unicode
လက်မှပတ်ထားသောနာရီရဲ့ စက္ကန့်တံတို့ ရွေ့လျားနေပုံကို ခြောက်ခြားစွာကြည့်ရင်း နဖူးထက်ဆီမှဇောချွေးတို့ပြန်လာခဲ့သည်။ ရှေ့မှာ စာသင်နေသောဆရာမကတော့ ကျောင်းသားတို့ရဲ့စိတ်ကို သတိမမူမိသလို သင်ခန်းစာတို့တွင်သာ အာရုံစိုက်နေခဲ့သည်။
မကြာခင်မှာပင် တစ်ချက်ချက်မြည်နေသောစက္ကန့်တံဟာ နံပါတ် ၁၂ ကိုကျော်ဖြတ်သွားပြီဖြစ်တာကြောင့် မင်းယုယသွင်ရဲ့ရင်ထဲတွင် ဒိတ်ခနဲအသံတစ်ချက် ဟိန်းထွက်သွားရသည်။
အဖြူအစိမ်းဝတ်ကျောင်းသားအချို့ကတော့ အပြုံးကိုယ်စီနှင့် ကျောင်းခန်းများထဲမှပြေးထွက်ကာ အိမ်ပြန်ချိန်ကို လက်ကမ်းကြိုလိုက်ကြပေမဲ့ ထိုကျောင်းသားများထဲတွင်မှ အိမ်ပြန်ချိန်အား ကြောက်ရွံ့နေရသူတစ်ဦးကား မင်းယုယသွင်ပင်ဖြစ်လိမ့်မည် ။
ဆရာမကိုနှုတ်ဆက်ပြီးနောက် ကျောင်းစာအုပ်တို့အားလွယ်အိတ်ထဲ လျှင်မြန်စွာထိုးထည့်လိုက်ပြီး အပြင်သို့ခပ်သွက်သွက် ထွက်လာခဲ့သည်။
ခေါင်းထဲတွင်လည်း ကြောက်စိတ်တို့အပြည့်ဖြင့်ဖြစ်ပြီး ထိုအရာမှလွတ်မြောက်နိုင်မည့်လမ်းကို ထပ်တလဲလဲတွေးနေမိသည်။
အိမ်ပြန်လမ်းကား တစ်လမ်းပဲရှိလေသည်။
ရပ်ကွက်အစွန် မိမိတို့အိမ်ငယ်လေးသို့မရောက်ခင်မှာ တမာပင်အကြီးကြီးများရှိရာ လမ်းကျဉ်းတစ်ခုကို ဖြတ်လျှောက်ပြီးမှသာလျင် လိုရာသို့ရောက်ရှိနိုင်ပေလိမ့်မည် ။
သူကြောက်ရွံ့နေခဲ့ရသည်ကလည်း ထိုလမ်းကျဉ်းပင် ဖြစ်သည်။
ခပ်သွက်သွက်လျှောက်လာခဲ့သောခြေလှမ်းတို့က ထိုလမ်းထိပ်ကိုရောက်သည်နှင့် ချက်ချင်းတုန့်ဆိုင်းသွားပြီး လေးလံသွားရသည်။
လွယ်အိတ်ကိုင်းကို ကိုင်ထားသည့်လက်တို့တွင် ချွေးတို့နှင့်ရွဲနစ်နေခဲ့ပြီး မျက်လုံးများက မူမမှန်စွာဖြင့် ထိုလမ်းကြားထဲသို့ လမ်းကြည့်လိုက်၏။
ထိုအချိန်မှာပင် လမ်းကြားထဲက တမာပင်များကြားမှ လူတစ်စုထွက်လာခဲ့သည်။
YOU ARE READING
မကြွေလွင့် ဝေသင့်ခဲ့လေသော
General Fictionပင်ယံထက်မှာ လှတတ်တဲ့ပန်းတိုင်းဟာ ဘာကြောင့်ခူးဖို့သင့်တယ်လို့ လူတွေကယူဆကြတာလဲ ... ဝေနေရဖို့မထိုက်တန်လို့များ ကြွေခဲ့ရလေသလား ပန်းပွင့်ငယ် ...