တစ်ဖက်က ဖုန်းချသွားသည့်တိုင်အောင် ဟျူနင်း လက်ထဲကဖုန်းကို ကြည့်နေမိပြီး ပြောစရာစကား ရှာမတွေ့ပေ။ အရှေ့က စားပွဲမှာရှိနေသော မင်ယောင်းက သိချင်စိတ်ဖြင့် ခေါင်းထောင်ကြည့်လာသော်လဲ ဟျူနင်း ဘာပြောရမှန်းမသိတာကြောင့် ခေါင်းခါ၍သာပြမိသည်။
ချက်ချင်းကြီး မန်နေဂျာကင်က ကိုယ်အတိုင်းလာယူဖို့ ပြောတယ်ဆိုတော့ တကယ်ပဲ ဟျူနင်း သူ့ရဲ့ဝတ်စုံက အဆင်မပြေဖြစ်နေတာလား ဝေခွဲမရဖြစ်သွားသည်။ အဲ့လိုသာအမှန်ဆိုရင်တော့ ဟျူနင်း တစ်ဖက်ကို အားနာစိတ်နှင့် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။
တစ်ခြားသူလဲမဟုတ်ဘဲ ချွဲဆူဘင်းရဲ့ဝတ်စုံကိုမှ အမှားလုပ်မိရတယ်လို့။ ဟျူနင်းခါအီ မင်းတော့ ဒီတစ်သက် ဒီဇိုင်နာ မလုပ်ချင်တော့တာများလား။
မည်သို့ပင် အတွေးပေါင်းများစွာဖြင့် မတင်မကျဖြစ်နေရသော်ငြား ဖုန်းထဲကို ဝင်လာသော မက်ဆေ့ချ်တစ်ခုက ဟျူနင်းကို လက်တွေ့ကမ္ဘာဆီ ပြန်လည်ဆွဲခေါ်သွားသည်။
မန်နေဂျာကင်ပို့လာသော လိပ်စာတစ်ခုကိုကြည့်ပြီး ဟျူနင်းစိတ်တို့က လက်တွေ့နဲ့ အတွေးကမ္ဘာဆီကို ပို၍ပင် ခေါက်တုံ့ခေါက်ပြန် သွားနေမိတော့သည်။သုံးနှစ်ကျော်ကြာပြီးမှ ပထမဆုံးအကြိမ် ချွဲဆူဘင်းနဲ့ တွေ့ရမယ့်အဖြစ်ကိုတွေးပြီး တစ်နေကုန် ဟျူနင်း အလုပ်ထဲမှာ စျာန်မဝင်နိုင်ဖြစ်ရခြင်းက တစ်ယောက်ယောက်ကို ပြောပြလိုက်ဖို့ ရှက်စရာကောင်းလွန်းနေသည်။ သူ တကယ်ပဲ မနက်ဖြန်အတွက် ရင်ခုန်နေပါတယ်ဆိုတာကို မင်ယောင်းကိုပင် ပြောမပြရဲပါ။ အကယ်၍ မင်ယောင်းကသာ ဘာလို့လဲလို့ မေးလာခဲ့လျှင် ဟျူနင်းကိုယ်တိုင်အတွက်ပင် အဖြေစကားရှိမနေသောကြောင့် ဖြစ်သည်။
~
~
~
~မနက်ခြောက်နာရီမထိုးခင်မှာ ဟျူနင်းအိပ်ရာကနိုးလာပြီး အသိစိတ်ကဝေဝါးနေသည်။ သို့ပေမယ့် မကြာလိုက်ခင်မှာပဲ မနေ့ကတစ်ကုန်လုံး တစ်ညလုံး စိုးမိုးနေခဲ့သောအကြောင်းအရာက ဟျူနင်းအတွေးထဲကို ပြန်လည်ဝင်ရောက်လာသည်။
သူ ဒီနေ့ ဆူဘင်းနဲ့ တွေ့ရမည်။
အမျိုးမျိုးအထွေထွေ ပျံ့လွင့်နေသောစိတ်ကို ထိန်းချုပ်လိုက်ပြီး ဟျူနင်း မနက်ခင်းရဲ့ နေ့စဥ်ဒူဝလုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည်။ မျက်နှာသစ် ရေချိုးသန့်စင်ပြီး ပုံမှန်အလုပ်သွားနေကျပုံစံအတိုင်း အဝတ်အစားကို အရမ်းပြင်ဆင်ထားတာမျိုးမဖြစ်အောင် တမင်ရွေးချယ်၍ ဝတ်ဖြစ်သည်။ သို့ပေမယ့် ဟျူနင်းရဲ့ ရှပ်အင်္ကျီလက်ရှည်တိုင်းလိုလိုမှာ တူညီတဲ့တစ်ချက်ရှိသည်။ အင်္ကျီလက်တစ်ဖက်ရဲ့ လက်ကောက်ဝတ်အစွန်းနားမှာ အစိမ်းရောင်နဲ့ အပြာရောင်ချည်ကို အသုံးပြုပြီး အရွက်သေးသေးလေးနှစ်ရွက်ပါတဲ့ အပြာရောင်ကျူးလစ်ပန်းပွင့်ငယ်လေးကို ဟျူနင်းရဲ့သင်္ကေတsignatureအဖြစ် ထိုးထားလေ့ရှိသည်။ ကလေးဆန်ပုံပေါ်သော်ငြား ချစ်စရာကောင်းတာမို့ ဟျူနင်းက ထိုအကျင့်ကို မစွန့်လွှတ်နိုင်ပေ။
