အလုပ်ကိစ္စကြီးကြီးမားမားမရှိပဲ ဇာတ်ကားရိုက်နားသော ရက်တွေမှာဆို ဆူဘင်းက ဗီလာဝန်းထဲမှာ မနက်ခင်း စက်ဘီးပတ်စီးတတ်တာက အလေ့အထတစ်ခုလိုပင်ဖြစ်နေသည်။ ဆူဘင်းက အားကစားတစ်ခုအနေနဲ့သာမက စိတ်ဖိစီးမှုပြေပျောက်စေရန်အတွက် စက်ဘီးစီးရခြင်းကို နှစ်ခြိုက်သည်။ ဒါ့အပြင် သူ့ပရိသတ်တွေကလဲ ဆူဘင်းရဲ့စက်ဘီးစီးနေတဲ့ပုံရိပ်ကို အရူးအမူး သဘောကျကြသည်။ တစ်ခါတုန်းကဆို ဆူဘင်းရိုက်ခဲ့ဖူးတဲ့ teen dramaတစ်ခုထဲမှာ စက်ဘီးစီးနေတဲ့ကျောင်းသားဆူဘင်းရဲ့ ပုံရိပ်က ဇာတ်လမ်းတွဲထုတ်လွှင့်မှု ပြီးသွားသည့်တိုင်အောင် ဆိုရှယ်မီဒီယာများပေါ်မှာ အတော်လေးရေပန်းစားခဲ့သည်။
ခါတိုင်းလိုပဲ ဒီနေ့မနက်ခင်းမှာလဲ ဆူဘင်းက ဗီလာဝန်းတစ်ပတ် စက်ဘီးပတ်စီးပြီး ပြန်လာခဲ့သည်။ဆူဘင်းရဲ့ အရှိန်နဲ့နင်းနေတဲ့စက်ဘီးက တစ်နေရာအရောက်မှာ ခပ်ဖြည်းဖြည်း အရှိန်လျော့ကျသွားခဲ့သည်။ လွန်ခဲ့တဲ့သုံးရက်က ဒီနေရာမှာ ဟျူနင်းခါအီနဲ့ ပထမဆုံး တွေ့ခဲ့တာပင်။ စက်ဘီးနင်းနေတဲ့ ဆူဘင်းကို အနောက်ကနေလှမ်းခေါ်ခဲ့ပြီး ဆူဘင်းမှန်းလဲ သိရော အံ့သြသွားတဲ့ မျက်နှာလှလှလေးကို အခုချိန်ထိ မှတ်မိနေသေးသည်။ ပြီးတော့ ဆူဘင်းအာရုံထဲမှာ တဝဲလည်လည်ဖြစ်နေတာက အေးစက်စိုထိုင်းနေတဲ့ လက်ချောင်းထိပ်တွေရဲ့အထိအတွေ့။ ဘယ်လောက်ပဲ အရေးမစိုက်ဘဲထားတယ်ဆိုသော်ငြား ညဥ့်နက်အတွေးတွေထဲမှာ ရှပ်အင်္ကျီလက်ကောက်ဝတ်ထက်က အပြာရောင်ကျူးလစ်ပွင့်လေးက ဆူဘင်းရဲ့တိတ်ဆိတ်နေမှုကို အစိုးမရအောင် တံခါးလာခေါက်သည်။
နောက်ပြီး အဲ့ဒီနေ့က ဟျူနင်းခါအီက ဆူဘင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။ တစ်ယောက်ယောက်အတွက် ပါဆင်နယ်လ်စတိုင်လစ်လုပ်ပေးဖို့က သူ့အနေနဲ့ မကိုက်ညီကြောင်း ရှင်းရှင်းလင်းလင်းပင် ပြောဆိုသွားသည်။ ဆူဘင်းကိုယ်တိုင်မှာလဲ ဇာတ်လမ်းတွဲအတွက်၊ စပွန်စာပေးတဲ့ ဘရန်းတွေအတွက် စသဖြင့် ကုမ္ပဏီက နေရာချစီစဥ်ပေးတဲ့ စတိုင်လစ်မှလွဲ၍ သီးသန့်စတိုင်လစ်ဆိုတာမျိုး တစ်ခါမှမထားခဲ့ဖူးပေ။ အဲ့ဒီနေ့က ကမ်းလှမ်းချက်က ဒီအတိုင်း ဟျူနင်းခါအီဆိုတဲ့ယောက်ျားကို သူ့အနားကို ခေါ်ထားချင်မိတဲ့ စိတ်သက်သက်ကြောင့်ပင်။