ဘားမှာနောက်ဆုံးတွေ့ခဲ့သည်မှလွဲ၍ နောက်ထပ် ဆူဘင်းနဲ့ မတွေ့ဖြစ်သည်မှာ တစ်လနီးပါးကြာမြင့်သွားခဲ့သည်။ ကနဦးက ဟျူနင်းစိတ်ထဲမှာ အလိုမကျမှု မီးပွားသေးသေးလေးတွေ အစပျိုးနေပေမယ့် ပြန်တွေးကြည့်တော့ သူ့ဘက်က ထိုသို့ဖြစ်နိုင်စရာ အခွင့်အရေးမရှိပေ။ ဆူဘင်းနဲ့ သူ့ကြားမှာ အလုပ်အပ်သူနဲ့ အလုပ်လက်ခံသူဆက်ဆံရေးကလွဲ၍ တခြားသော ခေါင်းစဥ်တပ်စရာ သူငယ်ချင်းဆက်ဆံရေးပင်မရှိပါ။ အဲ့ဒီနေ့ကကိစ္စကလဲ ဆူဘင်းက တိုက်တိုက်ဆိုင်ဆိုင် ကူညီပေးလိုက်ခြင်းသာဖြစ်သည်။ သူ ဒီ့ထက်ပိုပြီး များများစားစားမတွေးသင့်ပေ။ အဆုံးမှာတော့ ဟျူနင်းကိုယ့်ကိုယ်ကို တရားချ၍သာ အေးချမ်းသော ပုံမှန်နေ့ရက်များဆီ မိမိကိုယ်ကို ပြန်လည်တွန်းတင်လိုက်ရသည်။
ဟျူနင်းတွင်လဲ ကိုယ့်အလုပ်နဲ့ ကိုယ့်ဘဝနဲ့မို့ ကိုယ်နဲ့မသက်ဆိုင်တဲ့လူအကြောင်းကို ကြာကြာအချိန်ပေးတွေးတောနေဖို့မသင့်ပေ။
ထိုသို့တွေးနေရင်းက ဟျူနင်းရဲ့လက်က အလုပ်စားပွဲအံဆွဲထဲက အဖြူရောင်ကတ္ထူအိတ်အနားစွန်းကို ပွတ်သပ်နေမိသည်။ ဘယ်လိုပဲမသက်ဆိုင်ပါဘူးဆိုဦးတော့ ကျေးဇူးတင်စကားလောက်တော့ ကိုယ်တိုင်ပြောဖို့အခွင့်အရေးရှိရင် ပိုကောင်းမယ်မဟုတ်ပါလား။အပြင်ကပြန်လာသောမင်ယောင်းက စတူဒီယိုတံခါးကို ဖွင့်ဝင်လာပြီး ဟျူနင်းကြည့်နေတာကိုမြင်တော့ အံ့သြသွားပုံရသည်။
"ဘာလို့လဲ..?"
ဟျူနင်းမေးလိုက်ပြီး အသက်မရှိသလိုခြောက်တိခြောက်ကပ်ဖြစ်နေသောအသံကြောင့် ကိုယ့်ကိုယ်ကိုယ်ပင် လန့်သွားရသည်။ ကြည့်ရတာ ဒီတစ်လလုံး ကိုယ့်ကိုယ်ကိုယ်ပုံမှန်လို့ထင်နေခဲ့တာက ဟုတ်ပုံမရပေ။
"အစ်ကိုခါအီ.. ဒီတစ်လော နေလို့ကောင်းရဲ့လား..
ကျန်းမာရေးလဲ ဂရုစိုက်ပါဦး.. အလုပ်တွေချည်းဖိလုပ်မနေနဲ့..
သြော်.. ဒီမှာလေ အရှေ့ကပုံးထဲမှာ ဒါလေးရောက်နေလို့..."မင်ယောင်းကပြောရင်းက ပြောင်လက်နေသော ငွေရောင်ကတ်တစ်ခုကို လက်ကမ်းပေးလာသည်။ ဟျူနင်းယူပြီး ကြည့်လိုက်တော့ fashion weekတစ်ခုအတွက် ဖိတ်စာဖြစ်သည်။ ဖိတ်တဲ့သူက ဟျူနင်းဆီမှာလဲ ဝတ်စုံအပ်ဖူးတဲ့ နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
ပွဲကရှေ့တစ်ပတ်ထဲမှာ ကျင်းပမှာဖြစ်ပြီး နာမည်ကြီး ဘရန်းတွေနဲ့ collabလုပ်ထားတာမို့ အတော်စည်မယ့်ပွဲမျိုးဖြစ်သည်။