အချိန်ကာလ မည်ရွေ့မည်မျှကြာသွားသည်မသိသော်ငြား အသိစိတ်တစ်ချက်ကပ်လာတဲ့အချိန်မှာ တိမ်တွေပေါ် မျောလွင့်နေသောခံစားချက်ကနေ ဟျူနင်း နိုးထလာခဲ့သည်။ နိုးထလာသည်ဆိုသော်ငြား အသိစိတ်အာရုံက ရှင်းလင်းနေသည်တော့မဟုတ်။ မြင်လွှာထဲမှ ပုံရိပ်တို့က ရေငွေ့တစ်လွှာခြားထားသည့်နှယ် မပီပြင်ဝိုးတဝါးနှင့် အရာရာတိုင်းက ဝေဝါးနေသည်။
မျက်နှာကျက်မှ အဖြူရောင်မီးသီးကို ပထမဆုံးမြင်လိုက်ရပြီး ဟျူနင်း ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ ပက်လက်အနေအထားကနေ ကိုယ်ကိုစောင်းလိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက အင်အားမရှိသလို ယုတ်လျော့နေပြီး သာမန်လှုပ်ရှားမှုလေးတစ်ခုကိုပင် ဖြစ်မြောက်ရန် အားယူနေရသည်။
ဟျူနင်း ခေါင်းကိုစောင်းလိုက်ပြီး ဘေးဘက်ကို အသာလှည့်ကြည့်လိုက်တော့ မနီးမဝေးက ထိုင်ခုံပေါ်မှာထိုင်နေသော ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ အမြင်အာရုံက တဖြည်းဖြည်းရှင်းလင်းလာတော့ ထိုပုံရိပ်က ပုံမှန်ထိုင်နေခြင်းမျိုးမဟုတ်ပါပဲ ထိုင်ခုံပေါ်ကိုနောက်မှီ၍ မျက်လုံးအစုံကိုမှိတ်ထားသော လူငယ်တစ်ဦး။ အတိအကျဆိုရပါလျှင် ထိုလူငယ်လေးက ဟျူနင်းအသိစိတ်မလွတ်ခင်မှာ နောက်ဆုံးတွေ့ခဲ့ရသော ချွဲဆူဘင်းပင်ဖြစ်သည်။
အသိစိတ်ဝေဝါးနေခဲ့တာကြောင့် ချွဲဆူဘင်းကို သူ့စိတ်ကူးထဲက ထင်ယောင်ထင်မှားပုံရိပ်တစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာဖြင့် ဒီကောင်လေးက ဟျူနင်းကို အမှန်တကယ်ပင် ခေါ်လာခဲ့သူဖြစ်နေသည်။
အစောပိုင်းကပင် ဟျူနင်း မသိလိုက်ပါပဲ တင်းခံထားမိသောစိတ်က အလိုအလျောက် လျော့ကျသွားခဲ့သည်။ ဒါကို သတိထားမိသော ဟျူနင်းရင်ထဲမှာ အနွေးလှိုင်းလေးတစ်ခုက ဖွဖွလေး ဖြတ်စီးသွားသည်။
ဟျူနင်း ပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်လိုက်တဲ့အခါ အပြင်အဆင်မထူးခြားပါသော အခန်းတစ်ခုဖြစ်ပြီး ဟိုတယ်ခန်းနှင့်ပိုဆင်တူသည်။ ထိုအခါမှ ဟျူနင်း မေ့လျော့နေခဲ့သောအချက်က အတွေးထဲဝင်လာပြီး အမြင်အာရုံတို့ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ခန္ဓာကိုယ်အနှံ့ မူမမှန်မှုတစ်စုံတစ်ရာမရှိကြောင်း သေချာခံစားမိမှ ဟျူနင်း စိတ်အေးသွားရသည်။ သို့ပေမယ့် ဟျူနင်းရဲ့ လက်ချောင်းများဆီမှာတော့ နာကျင်မှုဝေဒနာတစ်ခုကို ခံစားနေရပြီး စပ်ဖျဥ်းဖျဥ်းဖြစ်နေ၍ ဟျူနင်းလက်ချောင်းများကို အသာမြှောက်၍ ကြည့်လိုက်သည်။ ရှည်သွယ်သော လက်ချောင်းများက ယခုတွင်တော့ တစ်စုံတစ်ခုနှင့် ကြိမ်ဖန်များစွာပွတ်တိုက်ထားမိဟန် လက်ဆစ်များက နီရဲ၍ အနည်းငယ်ပွန်းပဲ့နေသည်။