ချွဲဆူဘင်း..!! ချွဲဆူဘင်း..!!
ပရိတ်သတ်တွေရဲ့ နာမည်အော်ဟစ်၍ အားပေးသံများက ခန်းမထဲက လက်ခုပ်သံများကိုပင် ကျော်လွန်ဖောက်ထွက်နေသည်။ ဆူဘင်းခုံနေရာကနေ ထရပ်၍ သူ့ပရိတ်သတ်များရှိရာဘက်ကို လက်ပြနှုတ်ဆက်လိုက်ရာ အော်ဟစ်သံများက ပို၍ ကျယ်လောင်သွားခဲ့သည်။ ထို့နောက် ဆုလက်ခံရန်အတွက် စင်မြင့်ရှိရာဆီသို့ ဆူဘင်း လျှောက်လှမ်းသွားခဲ့သည်။
"သရုပ်ဆောင် ချွဲဆူဘင်းဟာဆိုရင်တော့ အသက်၁၉နှစ်မှာ ပွဲဦးထွက်ခဲ့ပြီး ပထမဆုံးဇာတ်လမ်းတွဲမှာပဲ အကောင်းဆုံး မျက်နှာသစ်ဆုကို ရရှိခဲ့ပါတယ်.. ဒါ့အပြင် တက်သစ်စကြယ်ပွင့်ဆု(Rising Star award)စတာတွေကိုရရှိခဲ့ပြီး အခုတစ်ခေါက်မှာတော့ ချစ်ခြင်းအလင်္ကာဇာတ်လမ်းတွဲရဲ့ ဒေါက်တာကင်မ်ဇာတ်ကောင်ကနေ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်...
ဒါဟာ.. ကိုရီးယားအနုပညာသမိုင်းတစ်လျှောက်မှာ ပွဲဦးထွက်ပြီး သုံးနှစ်အတွင်း ဒီဆုကိုရယူနိုင်ခဲ့တဲ့ အမြန်ဆုံးသရုပ်ဆောင်အနုပညာရှင်လဲ ဖြစ်ပါတယ်.."ပရိတ်သတ်များရဲ့ အားပေးသံများကြားကနေ အစီအစဥ်ကြေငြာသူ MCက ဆူဘင်းရဲ့အနုပညာသက်တမ်းတစ်လျှောက် ထူးချွန်ဆုများအကြောင်းကို ပြန်လည်၍ ချီးမွမ်းပြောကြားနေသည်။
ဆူဘင်း စင်ပေါ်မှာ ဆုလက်ခံယူပြီးနောက် ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာ၊ဒါရိုက်တာ၊ အဖွဲ့သားအားလုံးကို ကျေးဇူးတင်ကြောင်း ခပ်တိုတိုပြောကြားလိုက်ပြီး သူ့ရဲ့ပရိတ်သတ်များကို အထူးကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
"ကျွန်တော် ဒီနေရာမှာရပ်နေနိုင်တာက ယောရောဘွန်းတို့ကြောင့်ပါ... ကျွန်တော့်ရဲ့ ဖန်တွေကို အမြဲကျေးဇူးတင်ပါတယ်...ကျေးဇူးပါ"
ဆူဘင်းရဲ့ ကျေးဇူးတင်စကားဆုံးပြီးနောက် ခန်းမတစ်ခုလုံးက လက်ခုပ်သံများနှင့် ပြည့်လျှမ်းသွားခဲ့သည်။
တီဗီရှေ့မှာထိုင်နေသော ဟျူနင်းခါအီ စင်မြင့်ထက်မှာ လင်းလက်တောက်ပနေသော ကြယ်ပွင့်လေးကို ငေးမောနေမိသည်။ ဒီတစ်ခေါက်မှာလဲ ကြယ်ပွင့်လေးဝတ်ထားတဲ့ဝတ်စုံက သူကိုယ်တိုင် လချီ၍ ကြိုးစားပမ်းစားချုပ်ထားရသော ဝတ်စုံဖြစ်သည်။
အနက်ရောင် ပွဲတက်ဝတ်စုံနဲ့ ချွဲဆူဘင်းက အားလုံးထဲမှာ ထင်းလင်း၍ ဆွဲဆောင်မှုရှိစွာ တောက်ပနေသည်။
