𝐒𝐡𝐞 𝐰𝐚𝐬 𝐟𝐫𝐨𝐦 𝟏𝟗𝟎𝟎
လွန်ခဲ့သည့် သုံးရက်ခန့်-
အိမ်ရွှေ့ပြောင်းရာ၌သုံးသည့် ထရပ်ကားတစ်စီးနှင့် အနည်းငယ်ညစ်နွမ်းနေသည့် ကားဖြူလေးတစ်စီးသည် Texas ပြည်နယ်ရှိ Austin မြို့သို့ ဦးတည်ကာ မတိမ်းမယိမ်း ရှေ့နောက် မောင်းနှင်နေကြသည်။
ဖြတ်သန်းသွားသည့် ကားနှစ်စီး၏ အနောက်တွင်တော့ ဖုန်အလိမ်းလိမ်းဖြစ်ကျန်ခဲ့လေသည်။
ညစ်နွမ်းနေသည့် ကားဖြူလေးသည် လက်ရှိထွက်ရှိထားသည့် မော်ဒယ်အသစ်တွေနှင့်ယှဥ်ရင်တော့ အတော်လေး ခေတ်နောက်ကျ ကျန်ခဲ့ပြီဟု ပြောရမည်။ လွန်ခဲ့သည့်ခြောက်နှစ် ကားဝယ်စဥ်က ထိုနှစ်က အသစ်ထွက်ထားသည့် မိုးပြာရောင်ကားအား လိုချင်ခဲ့သော်လည်း ပိုက်ဆံများများစားစား မတတ်နိုင်သည့် အမေ့ကို ညှာကာ ၂၀၁၀ ဝန်းကျင်ထွက် မော်ဒယ်ထဲမှ အဆင်ပြေမည့် ကားကိုသာ ရွေးချယ်ခဲ့ခြင်းကြောင့် လက်ရှိကားများနှင့်ယှဥ်လျှင် ဆယ်နှစ်စာလောက် ပိုအိုစာနေပြီ ဖြစ်သည်။
ဒါပေမယ့်လည်း အသက်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့တုန်းက အမေဝယ်ပေးခဲ့တဲ့ တစ်ခုတည်းသော လက်ဆောင်ဖြစ်နေတဲ့အတွက် ခြောက်နှစ်လောက်သုံးထားသည့်ကားအား လဲလှယ်ရန် သူငယ်ချင်းဖြစ်သည့် ယွမ်ယိချီ နှင့် အဖေတို့မှ တိုက်တွန်းသော်လည်း ဝမ်ယိမှာ ဒီကားလေးကို ဘာနဲ့မှ မလဲနိုင်ပေ။
အတင်းထိုးရောင်းသွားတဲ့ အိမ်အိုကြီးကို အဖေ့ဆီကနေ အမွေတောင်းပြီး အိမ်ကနေအပြီးပိုင်ဆင်းကာ လူခြေနှစ်ထောင်ကျော်လောက်သာရှိသည့် အော်စတင် မြို့သို့ ခြေဆန့်ခဲ့ခြင်းဖြစ်သည်။
နောက်အိမ်ထောင်ပြုလိုက်ပြီဖြစ်သည့် အဖေဖြစ်သူနှင့် မျက်နှာချင်းဆိုင်လိုက်တိုင်း စိတ်ကတောက်ကဆ ဖြစ်ရသည်က များလာတော့ အိမ်တွင်ဆက်နေချင်စိတ်မရှိတော့ပေ။
မိထွေးဖြစ်သူနဲ့ကတော့ သူ အိမ်ပေါ်တက်လာပြီး ငါးနှစ်အတွင်း စကားတစ်ခွန်းတောင်မပြောခဲ့ဖူး ။
မိထွေးပီပီ မိမိကို နှိပ်စက်သလားဆိုတော့လည်း မဟုတ်ပြန်။
သူကလည်း မိမိကို အဖက်မလုပ်သလို မိမိကလည်း မိထွေးဖြစ်သူအား ရှိလေသည်ဟုတောင် သဘောမထားခဲ့။