𝐒𝐡𝐞 𝐰𝐚𝐬 𝐟𝐫𝐨𝐦 𝟏𝟗𝟎𝟎
အသက်နှစ်ဆယ့်လေးနှစ် ပြည့်ခါနီးထိတိုင်အောင် အလုပ်ဆိုပြီး မယ်မယ်ရရမရှိသေးသည့် ဝမ်ယိအတွက်ကတော့ နေရာအသစ်မှာ ကားပတ်မောင်းရုံကလွဲပြီး ထွေထွေထူးထူးလုပ်စရာမရှိ။
အလယ်တန်းထဲက အမေနဲ့အဖေ ပေးခဲ့တဲ့ မုန့်ဖိုးတွေကို တစ်လျှောက်လုံး စုဆောင်းခဲ့တာရော သေတမ်းစာနဲ့လွှဲပြောင်းပေးသွားတဲ့ အမေ့အမွေတွေရယ်ပါ ပေါင်းရင် နောင် ဆယ်နှစ် ဆယ့်ငါးနှစ်လောက်ထိ ဘာမှမလုပ်ဘဲ ထိုင်စားလို့ရနေသေးသည်။
ဝါသနာပါတဲ့အလုပ်ရယ်ဆိုပြီးတော့လည်း မရှိခဲ့တဲ့အတွက် ဘွဲ့ရပြီးထဲက လတ်လျားလတ်လျားဖြစ်နေခဲ့တာ အခုထိဆို နှစ်နှစ်လောက်ရှိပြီဖြစ်သည်။
အနည်းငယ်လောက်စိတ်ဝင်စားမိတဲ့ ပန်းချီဆွဲတာကြတော့လည်း ပုံကြမ်းအဆင့်ကနေ မတက်သည့်အတွက် နောက်ထပ်အဆင့်တွေ ဆက်သင်ဖို့ကိုလည်းလက်လျှော့ထားရသည်။
အဖေ့ရဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကိုလည်း နည်းနည်းလေးတောင် စိတ်မပါတော့ အဖေက သူ့လုပ်ငန်းအကြောင်းတွေကို သင်ပေးမည်ဆိုတိုင်း ခေါင်းရှောင်နေခဲ့သည်။
သုံးဖြုန်းနေတာမျိုးလည်းမဟုတ်တော့ ဘဏ်စာအုပ်ထဲရှိတဲ့ပိုက်ဆံတွေက နောင် နှစ်အတော်ကြာထိ ထိုင်စားလို့ ရကောင်းပါရဲ့။
24hr convenient store ထဲဝင်လိုက်ပြီး အသင့်စားခေါက်ဆွဲဘူးကိုဝယ်ကာ ရေနွေးဖျောလိုက်ပြီး ဆိုင်ရှေ့ရှိ အရိပ်ရထိုင်ခုံတွင် ထိုင်ကာ မနက်စာတစ်နပ်အား ခေါက်ဆွဲတစ်ဘူးနှင့်သာ ဖြည့်တင်းလိုက်သည်။
နောက်ကျိနေသောခေါင်းကြောင့် ဝေဒနာ ပျောက်လိုပျောက်ငြား ခေါင်းကို အနည်းငယ်ခါရမ်းလိုက်ပေမယ့် အချည်းနှီးသာဖြစ်သည်။
အိပ်ရေးမဝတဲ့လူတစ်ယောက်လို ထိုင်းမှိုင်းကာ ပေါ့ပါးလန်းဆန်းမှုလည်း မရှိပေ။
မနက်ကလည်း အောက်ထပ်က သမံသလင်းကနေ ထပ်ပြီး နိုးထလာရခြင်းဖြစ်သည်။
ကျိုးရှစ်ယွီကိုကြည့်ပြီး မေ့လဲကျသွားပြီးနောက်ပိုင်း မနက်နိုးလာတော့ ကုတင်မရှိ အခင်းမရှိတဲ့နေရာမှာ အိပ်ပျော်နေသည်တဲ့လေ။