𝐒𝐡𝐞 𝐰𝐚𝐬 𝐟𝐫𝐨𝐦 𝟏𝟗𝟎𝟎
"ဒီနယ်မြေက တည်ထောင်သူ စတီဖန် အော်စတင်ကို အစွဲပြုပြီး အော်စတင်မြို့ဆိုတာ ဖြစ်လာတာ။
အော်စတင် မျိုးဆက် သုံးခုထိ မြို့တော်ဝန်တွေ ဖြစ်ခဲ့ကြသေးတယ်။ စတီဖန်အော်စတင် ရဲ့ မြေး ဝီလီအော်စတင်က ပျော်ပွဲရွှင်ပွဲတွေကို အရမ်းကြိုက်နှစ်သက်တဲ့သူ။ အဲ့တုန်းက ဒီနယ်မြေလေးက လူနေအိမ်ခြေ တစ်ရာကျော်လောက်နဲ့ လူဦးရေ သုံးရာ လောက်ပဲ ရှိသေးတဲ့အချိန်ပေါ့။ ဒီမြို့က လူတွေက အရမ်းစည်းလုံးကြတယ်။ သူတို့မြို့တော်ဝန်ဖြစ်တဲ့ ဝီလီအော်စတင်ကိုလည်း သိပ်ကိုယုံကြည်ပြီး ချစ်ခင်ကြတာ ။လတိုင်းလိုလိုကို မြို့တော်ဝန် ဝီလီက မြို့က လူတွေအားလုံးကို သူ့အိမ်ကို ဖိတ်ပြီး အစားအသောက်တွေနဲ့ တည်ခင်းကျွေးမွေးတယ်။ သူ့ရဲ့ ကိုယ်ပိုင်တီးဝိုင်းနဲ့ပါ ဖျော်ဖြေပေးတယ်။
ဒီအိမ်ရဲ့ အောက်ထပ်တစ်ခုလုံးကို အခန်းတွေနဲ့ ဘာလို့မဖွဲ့စည်း မတည်ဆောက်ထားလဲဆိုတာ သိလောက်ရောပေါ့။ တစ်လတစ်ခါ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ ဒီအိမ်တော်ကြီးမှာ အထီးကျန်စရာဆိုတဲ့နေ့ရက်လို့ကို မရှိခဲ့ဘူး။ဝီလီအော်စတင်ကို နောက်ထပ် ပွဲတော်တွေ ကျင်းပချင်စိတ်မရှိတော့လောက်အောင်ကို ဖြစ်စေခဲ့တဲ့ အဖြစ်အပျက်ကြီး ဖြစ်ပြီးတဲ့နောက်ပိုင်း ဒီအိမ်တော်က လုံးဝကိုတိတ်ဆိတ်သွားခဲ့ပြီး ပျော်ပွဲရွှင်ပွဲဆိုတာလည်း ရှိမလာခဲ့တော့ဘူး "
အဖိုးဆမ်၏ စကားများကို ပြန်တွေးမိရင်း ရောက်ရောက်ချင်းပထမနေ့မှာဝယ်လာခဲ့တဲ့ ကုတင်ပေါ် လှဲမည်ကြံတုန်း တီးတိုးတီးတိုးထွက်လာသည့် စကားသံများကြောင့် ဝမ်ယိကျောများထောင်မတ်သွားရသည်။
လှေကားနဲ့ အနီးဆုံးမှာရှိနေတဲ့ အခန်းတွင် နေနေသည်မို့လား မပြောတတ်။
ကျွန်းလှေကားကြီးထံမှ တကျွီကျွီနှင့် လူအများအပြား ဆင်းလိုက်တက်လိုက်လုပ်နေကြသည့်အတိုင်းပင်။စကားပြောသံနဲ့ လှေကားပေါ်တက်နင်းသွားလာနေကြတဲ့အသံတွေက စက္ကန့်ပိုင်းအတွင်း တဖြည်းဖြည်းပိုကျယ်လာတာမို့ ဝမ်ယိ ကြက်သီးများ တဖြန်းဖြန်းထနေရသည်။