လိမ္မော်ရောင်လေးဟာ Jeon Ian၏ညပေါင်းများစွာအားအိပ်ရေးပျက်စေခဲ့သည်။
Ianသည် သူ၏လက်အတွင်းမှ ငွေရောင်မီးခြစ်လေးအား ခပ်ဖွဖွပွတ်သပ်လိုက်မိသည်။မီးခြစ်၏ ကိုယ်ထည်၌ ထွင်းထုထားသော "K"ဟူသည့် အက္ခရာစာလုံးလေးက ပိုင်ရှင်ကို ကိုယ်စားပြုသည့်ဟန်။
မီးခြစ်ပိုင်ရှင်က တကယ်ပဲမေ့ကျန်ခဲ့သည်လား။တမင်တကာမင်ထားရစ်ခဲ့သည်လားတော့ သူလည်းမပြောတတ်။အဲ့ဒီလူဟာ ဒယ်ဒီနှင့်စေ့စပ်ထားသည့်အနေအထားရှိရုံနှင့်ပင် သူတို့အိမ်တော်၌ အတူတကွလာရောက်နေထိုင်နေပြီဖြစ်သည်။
မြို့တော်၀န်၏စံအိမ်တော်က အခန်းပေါင်းများစွာဖြင့်ဖွဲ့စည်းထားသော စံအိမ်ကျယ်ကြီးဖြစ်သည်။ပင်မစံအိမ်တော်မှ ခွဲထွက်သွားသော အဆောင်ငယ်များလည်းရှိပြီး အလယ်တွင် လျှောက်လမ်းတစ်ခုသာခြားထားလေသည်။
တိုက်ဆိုင်စွာပင် သူ၏အဆောင်နှင့်မျက်နှာချင်းဆိုင်၌ အဲ့ဒီလူရဲ့အဆောင်ဖြစ်သည်။အလယ်၌ လျှောက်လမ်းကျယ်တစ်ခုကခြားထားပြီး ပတ်လမ်းတစ်လျှောက်၌ လှပစွာပုံဖော်ထားသော သုံးပေပတ်လည် သစ်ပင်အုပ်အုပ်ကလေးများကိုစီတန်းစွာစိုက်ပျိုးထား၏။
"ဒေါက်!...ဒေါက်'.."
အပြင်ဘက်မှ အခန်းတံခါးကိုနှစ်ချက်ဆင့်ခေါက်သံက သူ့အာရုံတွေကို ပျက်ပြားသွားစေသည်။တစ်ဆက်ထဲပင် အိမ်တော်ထိန်းကြီး၏အသံကထွက်ပေါ်လာ၏။
"သခင်လေး...နံနက်စားသုံးဆောင်ဖို့အချိန်ကျပါပြီ.."
"အင်း...အ၀တ်စားလဲပြီးတာနဲ့လာခဲ့မယ်..."
ထိုမျှသာအသံပြန်ပေးလိုက်ပြီး ညအိပ်၀တ်စုံတို့ကိုလဲလှယ်လိုက်သည်။
ယခင်အခါများ၌ သူတို့သားအဖသည် လက်စုံစားဖူးသည်မှာလက်ချိုးရေလို့ရသည့်အကြိမ်အရေအတွက်ပင်ရှိလောက်မည်။ဒယ်ဒီက အလုပ်ရှုပ်သူဖြစ်သည့်အလျောက် သူ၏တာ၏တာ၀န်များဖြင့်အချိန်ကုန်ဆုံးနေတတ်ပြီး မျက်နှာချင်းဆိုင်တွေ့ချိန်ကရှားပါးလွန်းသည်။အပျော်ပါးမက်သောဒယ်ဒီက စံအိမ်သို့ သူ၏အရှုပ်များကိုခေါ်လာတတ်သောကြောင့် သူကရှောင်နေလိုက်သည့်အချိန်တွေလည်းများစွာရှိသည်။မာမီရှိစဉ်ကတည်းက ဒယ်ဒီက ပွေရှုပ်သူဖြစ်တာကြောင့် နှစ်ယောက်က တကျက်ကျက်နှင့်ပင်။မာမီဆုံးပြီးသည့်နောက်ပိုင်းဒယ်ဒီကပိုဆိုးလာခဲ့သည်။ဒယ်ဒီ၏အာဏာနှင့် သုံးဖြုန်းနိုင်သောပမာဏကြောင့် ကပ်သည့်သူများကလည်းဒုနဲ့ဒေးပင်။ဒယ်ဒီ့တွင်ပါတနာာများစွာရှိခဲ့ဖူးသော်လည်း ထိုပါတနာတွေအားလုံးက ဖွံ့ဖွံ့ထွားထွားခန္ဓာကိုယ်နှင့်ကောက်ကြောင်းလှသောအမျိုးသမီးများသာဖြစ်ပြီး ဒီတစ်ယောက်ကျမှ အမျိုးသားပါတနာဖြစ်သည့်အပြင် ဒယ်ဒီက အဲ့ဒီလူနှင့်တွဲပီးကာမှ အတော်လေးခြေငြိမ်သွားခဲ့သည်။