မနက်ခင်းရောက်တော့ သတင်းတစ်ခုကြားရတယ်။ ဘာသတင်းလဲဆိုတော့ ရှမ်းကြီးကို ဒီမနက်စောစောကပဲ သူ့မိဘတွေရှိတဲ့နယ်ကို ပြန်ပို့လိုက်ပြီဆိုတဲ့သတင်း။
ဒါနဲ့ ပြောရအုံးမယ်။ တကယ်တော့ ရှမ်းကြီးက နာမည်ကသာ ရှမ်းကြီးဖြစ်နေပေမဲ့ လူကတော့ ရှမ်းပြည်က မဟုတ်ပါဘူးတဲ့။ သူမွေးတုန်းက ရှမ်းလေးလို့ အသားအရမ်းဖြူလို့ ရှမ်းကြီးဆိုပြီး ခေါ်ကြတာပါတဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော့်သခင်တောင်မှ အစတုန်းက သူ့ကိုရှမ်းအစစ်ထင်နေတာကိုး။
အင်း.. ထားလိုက်ပါတော့.. ကျွန်တော် အဲ့သတင်းကို ကြားကြားချင်း ကျွန်တော့်သခင်ကို စိတ်ပူသေးတယ်။ ဒါပေမဲ့ သခင်ကအေးဆေးပါပဲ။ ရှမ်းကြီးမရှိတာကိုလည်း ခံစားရတဲ့ပုံမပေါ်ဘူး။ သူက တဟားဟားပဲရယ်နေပြီး "ဒီလိုလုပ်လို့ရရိုးလား"ဆိုပြီးပဲပြောနေတော့တာ။
ဒါပေမဲ့ အဲ့ဒါက တစ်ခဏတာပါ။ တကယ်တော့ အဲ့ဒီနေ့ကစပြီး ကျွန်တော့်သခင်က ကောင်းကောင်းမစားဘူး။ ညဆိုလည်း ကျွန်တော့်ကို သူ့အခန်းထဲခေါ်ထားပြီး "ရှမ်းကြီးကို အရမ်းလွမ်းတယ်"ဆိုပြီးလည်း တဖွဖွပြောတတ်သေးတယ်။ နောက်ပြီး ကောင်းကောင်းလည်း အိပ်မပျော်ပါဘူး။ တစ်ညလုံး ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နဲ့ လုပ်နေတတ်ပြီး သက်ပြင်းကိုပဲ အခါခါချနေပြန်တယ်။
သုံးရက်လောက်ထိ ကျွန်တော့်သခင်က အဲ့ဒီလိုပဲ နေနေတာ။ ကြာတော့ သခင့်မိဘတွေအနေနဲ့ စိတ်ပူလာကြတာပေါ့။ ဘယ်လိုလုပ်ပေးလို့လုပ်ပေးရမှန်းလည်း မသိဘူးဆိုတော့ ဘာမှလည်းမတတ်နိုင်ကြဘူး။
ဒီလိုနဲ့ နောက် လေးရက်မြှောက်နေ့မှာတော့ အထုပ်တစ်ထုပ်ဆွဲပြီး ကျွန်တော့်သခင် အိမ်ကထွက်သွားတယ်။ ဘယ်သွားမလဲမပြောသွားပေမဲ့ ရှမ်းကြီးနောက်လိုက်သွားမှန်း တစ်အိမ်လုံးသိကြပါတယ်။ ဒီတော့ ဘယ်သူကမှလည်း မတားကြဘူးပေါ့။ မတားတဲ့အပြင် သူ့အမေကဆို ပိုက်ဆံမလောက်မှာစိုးလို့တဲ့ အပြာရောင်ငွေစက္ကူ တစ်အုပ်ကြီး ထုတ်ပေးလိုက်သေးတယ်။
_________
ကျွန်တော့်သခင် မရှိတဲ့ရက်တွေကတော့ အိမ်မှာ အရမ်းပဲ ပျင်းစရာကောင်းပါတယ်။ ကျွန်တော့်သခင်ကလည်း တစ်ပတ်ကြာတဲ့အထိကို အိမ်ကိုပြန်မလာပါဘူး။ ဖုန်းတော့ သူ့အမေနဲ့ ညတိုင်းပြောပါတယ်။ သို့ပေမဲ့ သခင့်အမေကကျ ကျွန်တော့်ကို အရေးတယူလုပ်ပြီး စကားမပြောတဲ့အတွက် သခင်အဆင်ပြေရဲ့လားဆိုတာကိုတော့ ကျွန်တော် မသိရဘူး။