အပိုင်း - (၂)

22K 1.2K 133
                                        

နေပူပူမှာ စီးလာရတဲ့နွားလှည်းက တဒုန်းဒုန်းခုန်နေတာကြောင့် ပစ်တိုင်းထောင် လှည်းရံတိုင်ကို တင်းနေအောင် ဆုပ်ကိုင်ထားရသည်။ မညီမညာလမ်းမကြောင့် လှည်းဘီးခုန်တဲ့အခါ တင်ပါးကို လာလာဆောင့်နေတာမလို့ မွေးရာပါအမေ့အမွေလေးကို အတော်စိုးရိမ်နေရသည်။

" ဒီမယ် ဒီမယ် ... မင့်တို့ရွာက မရောက်နိုင်သေးဘူးလား "

" တစ်ခေါ်လောက်ဆို ရောက်ပါပြီဗျ . သိပ်မလိုတော့ဘူး "

တစ်ခေါ်လောက်သာ လိုတော့တယ်ဆိုတာကြောင့် ပစ်တိုင်းထောင် လှည်းပေါ်ကနေပြီး ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည်။ မျက်စိတစ်ဆုံးမှာ လယ်ကွင်းကျယ်တွေကိုသာ မြင်နေရတာကြောင့် တစ်ခေါ်ဆိုတာ သေရွာက မင့်ဘကြီးကို လှမ်းခေါ်တဲ့တစ်ခေါ်လားလို့ မေးလိုက်ချင်ပေမယ့် မမေးဖြစ်တော့ပါ။ စကားပြောဖို့ ပါးစပ်ဟလိုက်တိုင်း ဖုန်ထူထူတွေက ပါးစပ်ထဲ အလုံးအရင်းဝင်လာတဲ့ဒုက္ခက သေးမှမသေးပဲ။

ဒင်္ဂါး လှည်းပေါ်မှာပါလာတဲ့ လူနှစ်ယောက်နဲ့ ခွေးနှစ်ကောင်ကို ကြည့်နေလိုက်သည်။ ဧည့်သည်တွေပါလာတဲ့ပစ္စည်းတွေက လှည်းတစ်ခြမ်းမှာတင် ပြည့်သိပ်နေတာမလို့ ဒင်္ဂါးက လှည်းမောင်းတဲ့နေရာက သာထင့်ဘေးမှာ ထိုင်နေရပြီး ‌အနောက်က လွတ်နေတဲ့နေရာမှာတော့ လူနှစ်ယောက်နဲ့ ခွေးနှစ်ကောင်က ကြပ်ကြပ်သိပ်သိပ်။

" ဟိတ် ! "

လှည်းစီးနေရင်း ဒင်္ဂါးကို စိုက်ကြည့်နေတဲ့ ခွေးနှစ်ကောင်ကို ခပ်တိုးတိုးလှမ်းခေါ်လိုက်သည်။ ခွေးတွေက ပြုံးတတ်လားတော့ မသိပေမယ့် နှစ်ကောင်သားက ဒင်္ဂါးကိုကြည့်ပြီး ပြုံးနေတာတော့ အသေအချာ။ နေပူပူ ဖုန်ထူထူမလို့ နွားလှည်းပေါ်မှာပါလာတဲ့ မဲမဲတုံးတုံး မီးသွေးတုံးလေးတွေလို ခွေးနှစ်ကောင်က ဖုန်တွေကြောင့် အရောင်တောင်ပြောင်းနေပြီဖြစ်သည်။ မျက်နှာချိုတဲ့ ခွေးလေးတွေကို ဒင်္ဂါး အချစ်ပိုမိတာကြောင့် ခေါင်းလေးတွေကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သည်။

" ဟေ့ ဟေ့ ... ရပ် ရပ် ! "

" ဟမ် "

လက်လှမ်းလိုက်ကာမှ ခပ်ကျယ်ကျယ်ထွက်ပေါ်လာတဲ့ ဟန့်တားသံကြောင့် ဒင်္ဂါးလက်တွေ တုံ့ခနဲရပ်သွားသည်။ လှည်းမောင်းနေတဲ့ သာထင်ကလည်း လှည်းရပ်ခိုင်းတယ်ထင်သွားပြီး နွားဖားကြိုးကိုဆွဲလိုက်တာကြောင့် လှည်းကလည်း ရပ်သွားသည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [COMPLETED]Where stories live. Discover now