ချက်ကြီး သူကြီးအိမ်က ခြံစည်းရိုးတိုင်ကိုကိုင်ရင်း ခြံဝင်းထဲကို အကဲခတ်နေမိသည်။ အရင်ကဆို သူကြီးအိမ်ကို ဆရာတော်အခိုင်းလွှတ်မှုနဲ့ တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနိုင်ပေမယ့် အခုလက်ရှိကတော့ ကွဲပြားသည်။
" ဒင်း . ဒင်္ဂါးရေ ... ရွှေဒင်္ဂါး ... ဗျို့ သူကြီးရေ ... လူရှိလား "
ခြံဝင်းထဲမှာ ပတ်သွားနေကြတဲ့ ခွေးနှစ်ကောင်က ချက်ကြီးကိုတွေ့တဲ့အခါ ခြံဝကိုရောက်လာသည်။ ချက်ကြီးမှာ မည်းမည်းလုံးလုံး ကိုက်မိလိုက်ရင် အသေခဲမယ့်ရုပ်နဲ့စောင့်နေတဲ့ ခွေးနှစ်ကောင်ကြောင့် ခြံထဲကို မဝင်ရဲပဲ အပြင်ကနေသာ တကြော်ကြော် ခေါ်နေရသည်။
" ဟောတော့ ကိုချက်ကြီး ... အိမ်ထဲဝင်မလာပဲ ခြံရှေ့မှာ ဘာရပ်လုပ်နေတာတုန်းတော့ "
အိမ်နောက်ဖေးကနေ ဟင်းရွက်ဗန်းလေးကိုင်လို့ ထွက်လာတဲ့ငွေမှုန်က ချက်ကြီးကိုတွေ့တော့ ခြံတံခါးနားကို ရောက်လာသည်။ သနပ်ခါးရောင် ရင်စေ့အင်္ကျီလေးနဲ့ ငွေမှုန်က ရွာရဲ့ ကွမ်းတောင်ကိုင်ပီပီ အလှထူးတာတော့ အမှန်ရယ်။
" အေး . ဝင်ခဲ့မလို့ပဲဟ ... ဒါပေမယ့် နင်တို့ခြံထဲက နှစ်ကောင်ကိုလည်း ကြည့်ဦး . ငွေမှုန် ... ငါခြံထဲဝင်လာတာနဲ့ ခြေသလုံးပြတ်ထွက်အောင် ကိုက်မယ့်ရုပ်တွေနဲ့ "
" အမယ်လေးရှင် ... ရှင်က ကြောက်ရတယ်ရှိသေး ... မိစွာနဲ့ မိုက်မိုက်စန်းက လိမ္မာပါတယ် ... မိစွာ . မိုက်မိုက်စန်း . လာ လာ . မကိုက်ရဘူးနော် . အိမ်ကိုလာတဲ့ဧည့်သည် "
ကြည့်ပါလား။ နာမည်တွေကိုက အသွင်အပြင်တွေနဲ့ လိုက်ဖက်စွာ ကြမ်းကြမ်းတမ်းတမ်းကြီးတွေ။ ငွေမှုန်က ချက်ကြီးကိုပြောရင်း ခပ်ပါးပါးပြုံးလို့ ခွေးနှစ်ကောင်ကို အိမ်မကြီးဘက် ခေါ်သွားသည်။ ထိုသို့ကျတော့လည်း နှစ်ကောင်သားက ချက်ကြီးကို မာန်ဖီနေတဲ့ရုပ်တွေနဲ့ ကွဲလွဲစွာ ငွေမှုန့်နောက်ကို ခုန်ပေါက်လို့လိုက်သွားသည်။
" ဝင်ခဲ့လေ . ကိုချက်ကြီး "
ခြံထဲကို ဝေ့ဝဲကြည့်လိုက်ရင်း စိတ်ချရပြီဆိုကာမှ ချက်ကြီး ဝင်သွားလိုက်သည်။ အိမ်ရှေ့မှာရိုက်ထားတဲ့ ကွပ်ပျစ်ပေါ်ဝင်ထိုင်လိုက်ရင်း ကွပ်ပျစ်ပေါ်မှာ အသင့်တင်ထားတဲ့ ရေနွေးတစ်ခွက်ကို ငှဲ့သောက်လိုက်သည်။
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [COMPLETED]
General Fictionရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024
![မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [COMPLETED]](https://img.wattpad.com/cover/364948445-64-k218573.jpg)