9

1.4K 55 5
                                    

UNICODE

အခန်း - ၉

ဂရိနတ်ဘုရားများ။

ဂရိလူမျိုးတို့ ကိုးကွယ်ရာ နတ်ဘုရားများသည် အရေအတွက်အားဖြင့် များပြားလှသည်။ အိုလမ်ပတ်စ်တောင်ပေါ်၊ ကမ္ဘာမြေပြင်၊ ပင်လယ်သမုဒ္ဒရာ၊ မြေအောက်ကမ္ဘာတို့တွင် ဖြန့်ကြက်နေထိုင်ကြသော နတ်ဘုရား အရေအတွက် စုစုပေါင်းကို မည်သူမှ အတိအကျ သိနိုင်မည်မဟုတ်။

များပြားစွာသော ထိုနတ်ဘုရား၊ နတ်ဘုရားမတို့ထဲတွင် အဆင့်အမြင့်ဆုံးအဖြစ် သတ်မှတ်ခံရသူ ဆယ့်နှစ်ပါးရှိသည်။ ဇူးစ် (Zeus)၊ ပိုးဆိုက်ဒင် (Poseidon)၊ ဟီရာ (Hera)၊ ဒီမီးတား (Demeter)၊ အေးရီးစ် (Ares)၊ အားတမစ် (Artemis)၊ အသီနာ (Athena)၊ အပိုလို (Apollo)၊ အက်ဖရာဒိုက်တီး (Aphrodite)၊ ဟားမီးစ် (Hermes)၊ ဟီဖီစတက်စ် (Hephaestus)နှင့် ဒိုင်အိုနစ်ဆပ်စ် (Dionysus)။ ကျန်နတ်ဘုရားတို့က ဤဆယ့်နှစ်ပါး၏ အုပ်ချုပ်ခံ။

နတ်ဘုရားဆိုတော့လည်း ဘုန်းတန်ခိုးဩဇာ ကြီးမားကြသည်။ မသေမျိုးဖြစ်သည်။ ခွန်အားကြီးသည်။ ဉာဏ်ရည်ထက်မြက်သည်။ ရုပ်ဆင်းအင်္ဂါ တင့်တယ်သည်။ သဘာဝထက် သာလွန်သော အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် လူသားတို့၏ လေးမြတ်ကိုးကွယ်ခြင်းကို ခံကြရသည်။

သို့ဆိုလျှင် နတ်ဘုရားများသည် ခြောက်ပြစ်ကင်း သဲလဲစင် သူတော်စင်များလား။

မဟုတ်ပါ။ လုံးဝမဟုတ်ပါ။

လူသားနှင့် နတ်ဘုရားဆိုသော အဆင့်အတန်းသာ ကွာခြားချင်ကွာခြားမည်။ တကယ်တော့ နတ်ဘုရားများသည်လည်း လူသားတို့ကဲ့သို့ပင် ဦးနှောက်၊ နှလုံးသား၊ အသွေးအသားတို့နှင့် ဖွဲ့စည်းတည်ဆောက်ထားသော ခန္ဓာကိုယ်ပိုင်ရှင်များသာဖြစ်သည်။ ထို့ကြောင့် စိတ်ခံစားချက်၏ လွှမ်းမိုးမှုကို လူသားများနည်းတူ ခံစားရသည်။

နတ်ဘုရားများသည် ပျော်ရွှင်တတ်သည်၊ ဝမ်းနည်းတတ်သည်၊ ချစ်ခင်တတ်သည်၊ မုန်းတီးတတ်သည်၊ နာကျည်းတတ်သည်၊ လက်စားချေတတ်သည်၊ ခွင့်လွှတ်တတ်သည်၊ အငြိုးကြီးတတ်သည်။ ထို့အတူ တဏှာရာဂလည်း ကျူးတတ်ကြသည်။

Heaven in AugustWhere stories live. Discover now