14

1.4K 68 5
                                    

UNICODE

အခန်း - ၁၄

အားဂို့စ်သံတမန်အဖွဲ့ကို ဩဂတ်စ် အတော်လေး မျက်မုန်းကျိုးနေပြီဖြစ်သည်။

သူတို့ရောက်လာသည့် နေ့မှစ၍ နန်းတော်တစ်ခုလုံး ဘယ်သူမှ အအားမနေရ။ ညစဥ်ညတိုင်း ညစာစားပွဲများ၊ ကပွဲများနှင့် ဧည့်ခံရသည်။ အစ်မဟာရာရော၊ ဇီဇီရော အလုပ်ရှုပ်သည်။ နေ့ခင်းနေ့လယ်ဆိုလျှင် အေသင်စ်တစ်မြို့လုံးအနှံ့ အရေးပါသော နေရာများကို လိုက်လံပြသရသည်။ ဩဂတ်စ် အလုပ်ရှုပ်သည်။ အကြောင်းတစ်ခုခုပြပြီး ရှောင်ထွက်ချင်လို့လည်းမရ။ ခမည်းတော်က သံအဖွဲ့တစ်ဖွဲ့လုံး၏ လုံခြုံရေးတာဝန်ကို သူ့လက်ထဲ ထိုးထည့်ထားသည်။ ထို့ကြောင့် ထိုလူများဘယ်သွားသွား သူလိုက်ရသည်။

အထူးသဖြင့် အဖွဲ့ကို ဦးဆောင်လာသူ သံတမန်ကြီး ပီယေးမက်စ်။ ရောက်လာကတည်းက ဩဂတ်စ်နောက် အရိပ်လို လိုက်ကပ်နေသည်။ ဩဂတ်စ် ပြောသမျှစကားတိုင်း ပီယေးမက်စ် မကြားတာမရှိ။ ဩဂတ်စ် သွားသမျှနေရာတိုင်း ပီယေးမက်စ် မလိုက်တာမရှိ။ ဩဂတ်စ် လုပ်သမျှအလုပ်တိုင်း ပီယေးမက်စ် မသိချင်တာမရှိ။ တစ်နေ့ကို မျက်တောင်ဘယ်နှချက်ခတ်သလဲ ဆိုတာကိုတောင် အသေးစိတ် စောင့်ကြည့်ခံနေရသည်မို့ ဩဂတ်စ် အနေကျပ်သထက် ကျပ်လာသည်။

အရေးထဲ မစ်ခေးလ်လကလည်း သူ့ကိုရှောင်နေသည်။ အခေါ်လွှတ်လျှင် တော်တော်နှင့်မလာ၊ အလုပ်ရှုပ်နေသည်ဟု အကြောင်းပြန်သည်။ နောက်ကနေ လွယ်လွယ်လိုက်ရှာလို့မရအောင် ဩဂတ်စ် သွားလေ့သွားထမရှိသော တပ်သားများ၏ နေအိမ်တန်းလျားတို့၊ လက်နက်ဂိုဒေါင်တို့လို နေရာမျိုးတွေမှာ တမင်သွားနေနေသည်။

ကိစ္စမရှိ။ ဩဂရစ်တပ်စ်မှာလည်း အကြံနှင့်ဉာဏ်နှင့်။ သံတမန်အုပ်စုကို ထိုနေရာများ လိုက်ပြမည်ဟုပြောပြီး ခေါ်သွားလိုက်သည်။ ဧည့်သည်များကို စော်ကားရာ မကျချင်လျှင် မစ်ခေးလ်လ ရှောင်လို့မရတော့။ လက်ခံတွေ့ဆုံပြီး စကားပြောရသည်။ ကြာလာတော့ အားဂို့စ်သားများစိတ်ထဲ အိမ်ရှေ့မင်းသားသည် အေသင်စ်၏ စစ်အင်အားကို တမင်ထုတ်ကြွားနေသည်လို့တောင် ထင်လာကြသည်။ ထင်ကြပါစေ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်သည်။

Heaven in AugustWhere stories live. Discover now