44

1.1K 51 7
                                    

UNICODE

အခန်း - ၄၄

"အဲ့တိုင်း ဟုတ်ရဲ့လား ဩဂတ်စ်။ သေချာရဲ့လား"

"သေချာပါတယ် မယ်မယ်။ အစ်ကို့ကို ဟားမီးစ် လာခေါ်သွားတာ ကျွန်တော့်မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာပါ"

မဖုံးမဖိနိုင် ပျော်ရွှင်မြူးထူးသွားသော မယ်မယ်ဆီလီယာနှင့် မျက်နှာချင်းဆိုင် နီးကပ်စွာ ထိုင်နေရသည့်တိုင်အောင် ထိုအပျော်များက ဩဂတ်စ်ဆီ ကူးစက်မလာ။ ထိုသို့ဖြစ်နေတာကြီးကိုလည်း ကိုယ့်ကိုယ်ကိုယ် မုန်းလှသည်။

ပျော်စမ်း၊ ပျော်စမ်း၊ ပျော်စမ်း။

စိတ်ခံစားချက်နှင့် နှလုံးသား၏ အလိုဆန္ဒများက လွယ်လွယ်လေး အမိန့်ပေးလို့မရ။ လစ်ဟာနေသော နေ့ရက်များထဲ ပျော်ရွှင်စရာကို ဩဂတ်စ် ရှာမတွေ့သေး။

"ဩဂတ်စ်... မင်း နေရောကောင်းရဲ့လား"

"ကောင်းပါတယ် ဘကြီး"

မျက်လုံးက ဘကြီးကို လှည့်မကြည့်ရသေးခင် ပါးစပ်က အလိုလို ဖြေလိုက်မိပြီးသား။ ဒီမေးခွန်းကို ဒီရက်များအတွင်း ခဏခဏ ဖြေရနေကျမို့ အဖြေက လျှာဖျားမှာတင် အဆင်သင့်ရှိနေပြီ။

"ကောင်းတယ်သာပြောနေ။ ခန္ဓာကိုယ်ကဖြင့် အရင်ရဲ့ တစ်ဝက်လောက်ပဲ ရှိတော့တယ်"

"သင်္ဘောပေါ် လှိုင်းမူးတော့ အစားအသောက် ပျက်လာလို့ပါ"

ဩဂတ်စ်နှင့် စကားပြောရင်း ဘကြီးက မျက်ရိပ်မျက်ခြည် ပြနေတာကို အတွေးနှင့် ကြည်နူးနေသော မယ်မယ်ကမမြင်။

"ဆီလီယာ"

"ရှင် အစ်ကိုကြီး"

အိပ်ရာမှ လန့်နိုးလာသူလို အလန့်တကြား ပြန်ထူးသော မယ်မယ့်ကို  ဘကြီးက မကျေမချမ်းပုံနှင့် တစ်ချက်စိုက်ကြည့်ပြီးမှ...

"ဩဂတ်စ်လာမယ်လို့ ငါပြောထားတာ ကလေးအတွက် နေ့လယ်စာ ပြင်ခိုင်းထားပြီလား"

"ဪ ဟုတ်သားပဲ။ ပြင်ထားပြီးပြီ။ ဩဂတ်စ်... သားကြိုက်တဲ့ဟင်းတွေချည်း မယ်မယ် ချက်ခိုင်းထားတယ်။ နေ့လယ်စာစားပြီးမှ ပြန်နော်"

Heaven in AugustWhere stories live. Discover now