23

1.3K 51 2
                                    

UNICODE

အခန်း - ၂၃

အခုထိတော့ ဩဂတ်စ်၏ ဆောင်ကြာမြိုင် အတွေ့အကြုံသည် သိပ်မဆိုးသေးလို့ ပြောရမည်။ သူ့ကို မြှူဆွယ်ချင်သော်လည်း ခက်ထန်လှသော မျက်နှာထားကြောင့် အနားမကပ်ရဲကြသည့် မိန်းကလေးအုပ်ကို ဒီအိမ်၏ အုပ်ချုပ်သူဟု ယူဆရသော အမျိုးသမီးကြီးက မောင်းထုတ်ပစ်လိုက်သည်။

"ဟယ်... သွားကြစမ်းပါဟယ်။ အလုပ်မရှိရင်လည်း တော်ရာနေရာ သွားနေကြစမ်းပါ။ ဧည့်သည်သခင်လေး စိတ်ရှုပ်အောင် ငန်းမကြီးတွေလို နှုတ်သီးတပြင်ပြင် လုပ်မနေကြနဲ့"

မိန်းကလေးများသည် အဆူခံရတာကို ကျေနပ်ပုံမပြ။ သို့သော် တစ်ယောက်မကျန်တော့ ထွက်သွားသည်။ နောက်ဆုံးတစ်ယောက် ဆူဆူဆောင့်ဆောင့်နှင့် ထွက်သွားပြီဆိုမှ ထိုအမျိုးသမီးက ဩဂတ်စ်ဘက် ပြန်လှည့်လာသည်။

"သခင်လေးရဲ့မိတ်ဆွေ ပြန်ထွက်လာတဲ့အထိ စောင့်ဦးမှာမလား။ သက်သောင့်သက်သာ အနားယူပြီး စောင့်ပါ။ ဘာများ လိုအပ်ဦးမလဲ။ ဝိုင်တွေဘာတွေများ သောက်ချင်ဦးမလား"

"တော်ပါပြီ"

"အဲဒါဆို ကျွန်မ ရေပဲ ပို့ခိုင်းလိုက်ပါ့မယ်"

လှည့်ထွက်မသွားခင် ထိုအမျိုးသမီး ပြုံးပြသွားသောအပြုံးကို ဩဂတ်စ် သဘောခွေ့သွားသည်။ ညှို့ငင်ခြင်းများ မပါဘဲ မိခင်တစ်ယောက်လို နွေးထွေးသည့်အပြုံး။ ရေချိုင့်နှင့်ရေခွက် လာပို့သော မိန်းကလေးကလည်း သူတို့သခင်မဆူတာ ခံရမှာ စိုး၍လားမသိ၊ အူကြောင်ကြောင်လေး ထိုင်နေသော ဩဂတ်စ်ကို စေ့စေ့တောင် မကြည့်ဘဲ ခြေလှမ်းသွက်သွက်နှင့် ပြန်ထွက်သွားသည်။

အခုမှပဲ ဩဂတ်စ် အသက်ရှူချောင်တော့သည်။

အရင်ဆုံး ရေတစ်ခွက် ငှဲ့သောက်သည်။ ပြီးတော့ နောက်တစ်ခွက်။ နောက်ထပ်တစ်ခွက်။ စိတ်တွေမော၊ ရင်တွေပူပြီးမှ သောက်လိုက်ရသော ရေအရသာသည် ခါတိုင်းသောက်နေကျထက်တောင် ပိုချိုနေသလိုလို။ ရေသုံးခွက်တိတိ ဗိုက်ထဲဝင်သွားမှ ဦးနှောက်ကို အလုပ်စပေးရသည်။

အစ်ကို့ကို ဘယ်လို ညာရပါ့မလဲ။

အစ်ကိုမသိအောင် လျှို့ဝှက်ချက်တွေထားပြီး ဖုံးကွယ်လိမ်ညာရတာမျိုးကို မကြိုက်သော်လည်း စိတ်ဆိုးပြီး စကားမပြောဘဲနေမှာကို ဩဂတ်စ်ပိုကြောက်သည်။ ထို့ကြောင့် ညာရမည်။ ဘယ်လို ညာရမလဲ။ စဉ်းစား...။

Heaven in AugustWhere stories live. Discover now