တစ်အိမ်လုံးအမှောင်ချထားသောကြောင့် စမ်းတဝါးဝါးဖြင့် မီးခလုတ်ကို ရှာဖွင့်လိုက်ရသည် ။
" ဂင်ဂျီဆူး ဘာတွေလုပ်ထားပြန်တာလဲ "
စိတ်ထဲမှ ရေရွတ်နေရင်း ဧည့်ခန်းဆီအကြည့်ရောက်သွားတော့ ကြမ်းပြင်တွင် စိမ်ပြေနပြေထိုင်ကာ ဈေးကြီး အရက်တစ်လုံးကို ခွက်ထဲပင်မထည့်ဘဲ မော့သောက်နေသော ဂျီဆူးကို တွေ့လိုက်ရသည် ။
" မအိပ်သေးဘူးလား "
ရီဝေနေသော အကြည့်စူးစူးများက ကျွန်မဆီရောက်လာတော့သည် ။ ခပ်သဲ့သဲ့ပြုံးရင်း ခေါင်းခါပြတာကို မြင်သည်နှင့် ဧည့်ခန်းသို့ပင် မဝင်တော့ဘဲ ထထွက်လာရတော့သည် ။
" ငါ့ရဲ့ အဖိုးတန်ဇနီးလေးက ပြန်မလာသေးတာကို ဘယ်လို အိပ်ရမှာလဲ "
နှုတ်ခမ်းတစ်ချက် မဲ့ပြီး ကိုယ့်အခန်းဆီကိုပဲ တက်လာလိုက်တော့တယ် ။ ဆင်ခြေတွေပါ ။ ကင်မ်ဂျီဆူးရဲ့ ပါးစပ်က ထွက်သမျှက သူ့အပြစ်ကာဖို့ ဆင်ခြေတွေချည်းပဲ ။
ရေချိုးပြီးတော့ လက်ကျန်အလုပ်ကို ဆက်လုပ်ဖို့အတွက် စာကြည့်စားပွဲမှာ ထိုင်နေပေမယ့် အာရုံက လုံးဝ စုမရတာကြောင့် အောက်ထပ်ကို ခဏဆင်းလာခဲ့လိုက်တယ် ။ နံရံကပ်နာရီမှာ ညတစ်နာရီအချိန်ကို ပြနေပေမယ့် ဂျီဆူးကတော့ ကြမ်းပြင်ပေါ် ထိုင်သောက်လို့ကောင်းနေတုန်း ။
ဝိုင်ပုလင်းနဲ့ ခွက်ကို ယူပြီး အပေါ်ပြန်တက်ရမှာပေမယ့် ဒီတိုင်းဆက်ထားလို့တော့ ဘယ်အဆင်ပြေနိုင်ပါ့မလဲ ။
" ကင်မ်ဂျီဆူး ထ "
" မိန်းမရေ ၊ ငါ့မိန်းမလေး ၊ ငါ့ဇနီးလေး "
" အလုပ်က လွဲပြီး ဘာကိုမှ စိတ်ထဲမရှိတဲ့ ငါ့ရဲ့ အမည်ခံ ဇနီးလေး "မူးရူးနေတဲ့ သူ့ကို ဆွဲထူပြီး သူ့အခန်းထဲ ပို့ပေးလိုက်တယ် ။ ကုတင်ပေါ်ရောက်တာနဲ့ဟန်တောင်မဆောင်နိုင်ဘဲ ပစ်လဲကျသွားတာကြောင့် အတော်မူးနေတာတောင် အိပ်ရာဆီမပြန်တဲ့ သူ့ကို တအံ့တဩဖြစ်မိသေးတယ် ။
အခန်းထဲက လှည့်ထွက်ရင်း အခန်းပတ်ပတ်လည်မှာရှိတဲ့ သူ့ရဲ့ ဆုတံဆိပ်တွေနဲ့ ဓာတ်ပုံတွေ အကုန်လုံးကို ဝေ့ကြည့်မိတယ် ။